News

POST TYPE

NEWS

ကင်ဂျုံအန်းနှင့် နောက်ထပ်တွေ့မည့်နေရာ စင်ကာပူဟုတ်ချင်မှ ဟုတ်မည်ဟု ထရမ့်ပြော
12-Oct-2018


ဝါရှင်တန်ဒီစီ၊ အောက်တိုဘာ ၁၁

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံရန်အတွက် နေရာသုံးလေးခုလောက် လျာထားပါကြောင်း၊ စင်ကာပူ ဟုတ်ချင်မှ ဟုတ်တော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်ဟု AFP သတင်းတွင်ဖော်ပြထားသည်။ 

ဇွန်လအတွင်းက သမိုင်းဝင် ပထမဆုံး တွေ့ဆုံပွဲဖြစ်ခဲ့သည့် စင်ကာပူဟုတ်ချင်မှ ဟုတ်မည်ဟုအိမ်ဖြူတော်တွင် ထရမ့်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

နိုင်ငံရေးတွေ့ဆုံပွဲတစ်ခုအတွက် အိုင်အိုဝါပြည်နယ်သို့ သွားရောက်စဉ် သတင်းထောက်များကို ပြောကြားရာ၌ နိုဝင်ဘာ ၆ ရက် အမေရိကန် ကွန်ဂရက် ရွေးကောက်ပွဲအပြီးမှ ကင်ဂျုံအန်းနှင့် ဆွေးနွေးပွဲ ဖြစ်လာမည်ဟုဆိုထားသည်။ 

အချိန်ကိုက်မှု ရှုထောင့်အရကြည့်လျှင် နောက်တစ်ကြိမ် ဆွေးနွေးပွဲသည် အလွန်ဝေးသည်ဟုတော့ မဆိုနိုင်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားသည်။ 

နောက်ဆုံးတွင် အမေရိကန်မြေပေါ်၌ အစည်းအဝေးတစ်ရပ် ဖြစ်လာနိုင်ကြောင်း၊ မြောက်ကိုရီးယားတွင် တွေ့ဆုံကြခြင်းလည်း ဖြစ်နိုင်ပါကြောင်းဒေါ်နယ်ထရမ့်က ဆိုသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ကင်ဂျုံအန်းနှင့် ပြုံးယမ်းတွင် တွေ့ဆုံခဲ့ပြီးနောက် နောက်တစ်ကြိမ် တွေ့ဆုံပွဲအတွက် ဆွေးနွေးခဲ့သည်။

မြောက်ကိုရီးယားသည် နျူကလီးယားဖြုတ်သိမ်းရာတွင် သိသာသော တိုးတက်မှုများရှိကြောင်း မိုက်ပွန်ပီယိုက သတင်းထောက်များကို ပြောကြားခဲ့သည်။ 

နျူကလီးယား ဖြုတ်သိမ်းရေးများလုပ်နေပြီဟု မြောက်ကိုရီးယားအစိုးရက ကြေညာထားသော နျူစမ်းသပ်ရာနေရာများကို နိုင်ငံတကာစစ်ဆေးသူများ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း မိုက်ပွန်ပီယိုက ပြောကြားသည်။ 

“နျူကလီးယားစမ်းသပ်မှုတွေ၊ ဒုံးကျည်တွေ မရှိတော့ပါဘူး။ ဥက္ကဋ္ဌကင်နဲ့ ကျွန်တော်တို့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ ဒါကအရေးကြီးပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။

“ကျွန်တော် သူ့ကိုသဘောကျတယ်။ သူကလည်း ကျွန်တော်တို့ ကြိုက်တယ်။ ဆက်သွယ်ဆက်ဆံရေးကောင်းပါတယ်”ဟု အမေရိကန်သမ္မတထရမ့်က ပြောကြားသည်။  

F-02