News

POST TYPE

NEWS

တရုတ်သို့ ဆန်၊ သကြား၊ ပြောင်း တင်ပို့မှုရပ်
12-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၁

တရုတ်နိုင်ငံတွင် လုံခြုံရေးတင်းကျပ်ပြီး အဖမ်းအဆီးများ ပြုလုပ်နေသောကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်၊ သကြား၊ ပြောင်းဖူးစေ့တင်ပို့မှုများကို ရပ်တန့်ထားကြောင်း မူဆယ်ရှိ ကုန်သည်များထံမှ သိရသည်။

အောက်တိုဘာလ ၁ ရက်နေ့မှစကာ အဖမ်းအဆီးများပြုလုပ်နေခြင်းဖြစ်ပြီး တင်ပို့မှုရပ်ဆိုင်းထားရသည်မှာ ၁၀ ရက်ခန့် ရှိပြီဖြစ်ကြောင်း ယင်းကုန်သည်များက ပြောကြားသည်။

“သူတို့ဘက်ကတော့ ဝယ်တယ်။ ဒါပေမဲ့ ဒီဘက်က ပို့လို့မရတာ။ ဆန်တွေ၊ သကြားတွေက ရွှေလီအထိ အရောက်ပို့ ပေးရတာဆိုတော့”ဟု မူဆယ်အဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောဆိုသည်။

မူဆယ် ၁၀၅ မိုင်သို့ ပြည်ပတင်ပို့မည့် ဆန်၊ ပဲ၊ ပြောင်း၊ သကြား၊ ငရုတ်သီး လယ်ယာထွက်ကုန် ကုန်တင်ယာဉ်အစီးရေ တစ်ရက်လျှင် ၈၀၀ ကျော်အဝင်ရှိသော်လည်း တရုတ်နိုင်ငံသို့ တင်ပို့မှုရပ်ဆိုင်းထားသောကြောင့် အစီးရေ ၆၀၀ ခန့်အထိလျော့ကျသွားပြီး တရုတ်နိုင်ငံဘက်မှ မြေဩဇာ၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းကုန်တင်ယာဉ်အစီးရေ ၃၅၀ ဝန်းကျင်ရှိကာ အစီးရေ ၂၅၀ ခန့်အထိ လျော့ကျသွားကြောင်း မူဆယ်အဝေးပြေး ကုန်စည်ပို့ဆောင်ရေးအသင်းထံမှ သိရသည်။ 

ဆန်မျိုးစုံဈေးနှုန်းများအနေနှင့် တစ်တန်လျှင် အနိမ့်ဆုံးဈေး ကျပ် ၅၂၀,ဝ၀၀ ကျော်မှ အမြင့်ဆုံး ၅၉၀,ဝ၀၀ ကျော်အထိ ပေါက်ဈေးရှိပြီး သကြားတစ်တန်လျှင် ကျပ်ငွေ ၇၁၀,ဝ၀၀ ကျော်မှ ၇၆၀,ဝ၀၀ ကျော်နှင့် ပြောင်းဖူးစေ့တစ်တန်လျှင် ကျပ် ၃၈၀,ဝ၀၀ ကျော်မှ ၄၁၀,ဝ၀၀ ကျော်အထိ ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ 

တရုတ်နိုင်ငံသို့ တင်ပို့မှုရပ်တန့်ထားသောကြောင့် ဆန်၊ သကြားနှင့် ပြောင်းဖူးစေ့ ဈေးနှုန်းများမှာလည်း ကျဆင်းလျက်ရှိကြောင်း ယင်းကုန်သည်များထံမှ သိရသည်။

တရုတ်နိုင်ငံ၏ အဖမ်းအဆီးအခြေ အနေများအပေါ် မူတည်၍ မြန်မာနိုင်ငံမှ ကုန်စည်များကို တရားမဝင်တင်ပို့နေရခြင်းနှင့် ပတ်သက်၍ မြန်မာ-တရုတ်နှစ်နိုင်ငံ အစိုးရချင်း တရားဝင်ကုန်သွယ်မှုဖြစ်စေရန် ညှိနှိုင်းဖြေရှင်းပေးသင့်ကြောင်း ကုန်သည်များက ပြောကြားသည်။ 

J-11