News

POST TYPE

NEWS

အူရီဒူး၏ ‘ခုဖြေခုထော’ အစီအစဉ် ခေတ္တရပ်၊ မပါဝင်လိုသူများကို ငွေပြန်အမ်းမည်
26-Jul-2016
ရန်ကုန်၊ ဇူလိုင် ၂၅

အူရီဒူးမြန်မာ၏ ‘ခုဖြေခုထော’ အစီအစဉ်တွင် ပါဝင်ခဲ့သူများထဲမှ ဆက်လက်မပါဝင်လိုသူများသည် SMS ပေးပို့ကာ ပေးပို့ခဲ့ပါက ကံစမ်းမဲ မက်ဆေ့ချ်ကြေး ပေးသွင်းငွေများကို ပြန်အမ်းပေးမည် ဖြစ်ပြီး လက်ရှိတွင် ယင်းအစီအစဉ်ကို ဇူလိုင်လ ၂၅ ရက်မှ စ၍ ခေတ္တရပ်ဆိုင်းမည် ဖြစ်ကြောင်း Ooredoo မှ Communication Director ဒေါ်ပွင့်ဦးဆွေက ပြောကြားသည်။

အူရီဒူးမြန်မာမှ ဇူလိုင်လ ၁၈ ရက်မှ ၂၁ ရက်အထိ ယင်းအစီအစဉ်တွင် ကံစမ်းမဲ ပေါက်ခဲ့သူ လေးဦးကို ဆုကြေးအဖြစ် တစ်ဦးလျှင် ငွေကျပ်သိန်း သုံးဆယ်ကို ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း၊ ဇူလိုင်လ ၂၂ ရက်မှ ၂၄ ရက်အထိ ကံစမ်းမဲ ဆုရရှိခဲ့သူများကိုလည်း ဆက်လက်၍ ဆုချီးမြှင့်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“လက်ရှိမှာ ခေတ္တရပ်ဆိုင်းထားမယ်။ ကြားထဲမှာ သုံးစွဲတဲ့သူတွေ မနစ်နာအောင်လို့ ဒီအစီအစဉ်က ကံစမ်းမဲလည်း ပါတယ်။ အမှတ်များတဲ့သူကို ဆုပေးရမှာလည်း ရှိတဲ့အတွက် ဆက်မပါချင်တဲ့ သူတွေက မက်ဆေ့ချ်ပြန်ပို့ရမယ်။ အဲ့အတွက်လည်း စီစဉ်နေတယ်။ ပေးပို့ခဲ့တဲ့ မက်ဆေ့ချ်တွေအတိုင်း ငွေပြန်ပေးမယ်” ဟု ဒေါ်ပွင့်ဦးဆွေက ဆိုသည်။

‘ခုဖြေခုထော’ အစီအစဉ်တွင် ပါဝင်ခဲ့သူများကို မပါဝင်လိုကြောင်း မက်ဆေ့ချ်ပို့နိုင်ရန် ကုဒ်နံပါတ်များကို ကြေညာပေးမည် ဖြစ်ပြီး ပါဝင်ခဲ့သော ငွေကြေးများအတွက် ဖုန်းငွေဖြည့်စနစ်ဖြင့်သာ ပြန်လည်ပေးချေမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ယင်းအစီအစဉ်တွင် ပါဝင်ခဲ့သော လူအရေအတွက်နှင့် ငွေကြေးပမာဏကို ပြောကြားနိုင်ခြင်း မရှိသေးကြောင်း အူရီဒူးမြန်မာမှ တာဝန်ရှိသူက ဆိုသည်။

အူရီဒူးမြန်မာ၏ ခုဖြေခုထော အစီအစဉ်ကို ပြည်သူများကြား နစ်နာကြောင်း ပြောဆိုမှုများရှိပြီး ယင်းအစီအစဉ်အတွက် ကုန်ကျခဲ့သော ငွေကြေးများကိုလည်း ပြန်လည်ရလိုကြောင်း ပြောဆိုမှုများ ရှိနေသည်။

အဆိုပါ အစီအစဉ်ကို Ooredoo က ဇူလိုင်လ ၁၈ ရက်မှစ၍ အောက်တိုဘာလ ၁၅ ရက်အထိ ဆောင်ရွက်သွားမည် ဖြစ်ပြီး အမြင့်ဆုံးဆု အနေနှင့် ငွေသား ကျပ်သိန်း ၃၀၀၊ နေ့စဉ်အနေနှင့် ငွေသား ကျပ် သိန်း ၃၀၊ အပတ်စဉ်အနေနှင့် iPhone 6S, Samsung S7 Edge, Samsung Note5, Samsung Tab S2,Samsung Tab A,iPad Air 2 စသည်တို့ကို ပေးအပ်သွားမည်ဟု ယင်းအစီအစဉ် စတင်စဉ်က သတင်းထုတ်ပြန်ခဲ့သည်။

အူရီဒူးမြန်မာသည် အရောင်းမြှင့်တင်ခြင်း ‘ခုဖြေခုထော’ အစီအစဉ်နှင့် ပတ်သက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် နေပြည်တော်တွင် ထပ်မံပြီး ဆွေးနွေးညှိနှိုင်းမည် ဖြစ်ကြောင်းနှင့် ယခင်က ယင်းကဲ့သို့သော အခြားအော်ပရေတာများမှ အလားတူ အချက်အလက်များကိုလည်း စုဆောင်းတင်မည် ဖြစ်ကြောင်း Director ဒေါ်ပွင့်ဦးဆွေက ဆိုသည်။

အဆိုပါ အစီအစဉ်တွင် ပါဝင်ခဲ့သူများကြား ဝေဖန်မှုများ ထွက်ပေါ်ခဲ့ခြင်းကြောင့် ယင်းကို ရပ်ဆိုင်းရန် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။