News

POST TYPE

NEWS

အမေရိကန်ဘက်က ဒဏ်ခတ်အရေးယူမှုများရှိနေသရွေ့ နျူဖြုတ်သိမ်းရေး မဖြစ်နိုင်ဟု မြောက်ကိုရီးယား ကြေညာ
01-Oct-2018


ပြုံယမ်း၊ စက်တင်ဘာ ၃၀

မြောက်ကိုရီးယားနိုင်ငံအပေါ်၌ ဒဏ်ခတ်အရေးယူမှုများ ဆက်လက်ထား ရှိနေသေးသမျှ နျူကလီးယားနှင့် ဒုံးကျည်လက်နက်ဖြုတ်သိမ်းရေးကို လုပ်ဆောင်၍ ရမည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် သတိပေးပြောကြားလိုက်သည်။

မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံတော်ကို ဒဏ်ခတ်အရေးယူမှုများ ဆက်လက်ပြဋ္ဌာန်းထားခြင်းက အမေရိကန်ပြည်ထောင်စုအပေါ် ယုံကြည်မှုကို ဆိုးရွားစွာ ထိခိုက်စေကြောင်းနှင့် ယခုလို တစ်ဖက်သတ်ဆန်သည့် အခြေအနေမျိုးတွင် နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးကို မြောက်ကိုရီးယားအနေနှင့် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း မစ္စတာရီယောင်ဟိုက ပြောကြားသည်။ 

မြောက်ကိုရီးယားသည် သိသာထင်ရှားသော ပြုမူဆောင်ရွက်ချက်ကောင်းများနှင့် ကောင်းမွန်သည့်သဘောထားများကို ပြသခဲ့ကြောင်း၊ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများကို ရပ်ဆိုင်းပစ်ခြင်း၊ နျူကလီးယားစမ်းသပ်သည့်စက်ရုံကို ဖျက်သိမ်းခြင်း စသည်တို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ထို့ပြင် နျူကလီးယားလက်နက်နှင့် ယင်းနည်းပညာတို့ကိုဆက်လက်တီထွင် စမ်းသပ်မှုမပြုဟု ကတိကဝတ်များပေးထား ခဲ့ကြောင်း မစ္စတာရီယောင်ဟိုက ဆိုသည်။ 

“မည်သို့ပင်ဖြစ်စေကာမူအမေရိကန် ပြည်ထောင်စုဘက်က တူညီသည့် တုံ့ပြန်မှုတစ်ခုခု ပြုလုပ်သည်ကို မမြင်တွေ့ရသေးပါ။ အမေရိကအပေါ် ယုံကြည်စိတ်ချမှုထားလို့ မရဘူးဆိုလျှင် ကျွနု်ပ်တို့ဘက်က လက်နက်ဖြုတ်သိမ်းရေးကို ဦးစွာတစ်ဖက်သတ် လုပ်ဆောင်ပေးနိုင်မည်မဟုတ်ပေ”ဟု ၎င်းက အထွေထွေညီလာခံတွင် ပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စုသည် နျူကလီးယားလက်နက် ဖြုတ်သိမ်းရေး ပထမဟူသည့်မူဝါဒကို ကျင့်သုံးပြီး ဒဏ်ခတ်အရေးယူမှုများကို မြှင့်တင်လျက်ရှိသည်ဟု ၎င်းက ဝေဖန်ပြောကြားသည်။ 

“လောလောဆယ် ဘေးကျပ်နံကျပ်ဖြစ်ပြီး ရှေ့တိုးနောက်ဆုတ် လုပ်လို့မရတာဟာ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ အမေရိကန်မူဝါဒကြောင့်ပါပဲ”ဟု ၎င်းက မှတ်ချက်ပေး ပြောကြားသည်။ 

စင်ကာပူတွင် ဥက္ကဋ္ဌကင်ဂျုံအန်းနှင့် နျူကလီးယားသဘောတူညီချက် ရရှိခဲ့စဉ်က ကင်ဂျုံအန်းဘက်က နျူကလီးယား လက်နက်ဖြုတ်သိမ်းရေးကို ကတိပြုခဲ့သလို သမ္မတထရမ့်ဘက်ကလည်း မြောက်ကိုရီးယားလုံခြုံရေးကိုလည်း အာမခံပေးခဲ့ကြောင်း ၎င်းက ညွှန်းဆိုသည်။ 

မြောက်ကိုရီးယားနိုင်ငံသည် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲတရားဝင် အဆုံးသတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသော်လည်း အမေရိကန်ပြည်ထောင်စုက နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးကို ပထမဆုံး အကောင်အထည်ဖော်ပေးရမည်ဟု ဆိုထားသည်။ ထို့ပြင် မြောက်ကိုရီးယားအပေါ်သတ်မှတ် ပြဋ္ဌာန်းထားသည့် နိုင်ငံတကာဒဏ်ခတ် အရေးယူမှုများကို ဖယ်ရှားပေးရန် ပြုံယမ်း၏အဆိုပြုမှုများကို ဝါရှင်တန်ဘက်က တင်းခံလျက်ရှိသည်။  

F-01

 


  • VIA