News

POST TYPE

NEWS

မန္တလေးတွင် စည်ပင်ပိုင် မြောင်းဖုံးအချပ် ၂၀ အခိုးခံရ
26-Sep-2018

မန္တလေး၊ စက်တင်ဘာ ၂၅

မန္တလေးမြို့တော် စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ်ငါးခုရှိ လမ်းမများတွင် တပ်ဆင်ထားသော သံဖြင့်ပြုလုပ်ထားသည့် မြောင်းအဖုံး သံပန်းအချပ် ၂၀ ခိုးယူခံခဲ့ရကြောင်း စည်ပင်ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

လမ်းအောက်ရှိ မြောင်းများ၊ တံတားများ ရေစီးရေလာကောင်းမွန်စေရန် မြောင်းအတွင်းသို့ဆင်းကာ စစ်ဆေးနိုင်ရန် ဖောက်လုပ်ထားသည့် လူဆင်းပေါက် အဖုံးများမှာ သုံးပေပတ်လည် တစ်ချပ်လျှင် ကျပ်နှစ်သိန်းသုံးသောင်း တန်ဖိုးရှိကြောင်း၊ ယင်းတို့အနက် ၈ ချပ်ခန့်ကို မဟာအောင်မြေမြို့နယ် သံလျက်မော် အနောက်ရပ်ကွက်ရှိ သံဆိုင်တွင် တွေ့ရှိရသောကြောင့် ပြန်လည်သိမ်းဆည်းထားကြောင်း၊ အဆိုပါအဖုံးများ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ အမှတ် (၉) ရဲစခန်းတွင် အမှုဖွင့်ထားပြီး ကျန်မြို့နယ်များတွင်လည်း ထပ်မံအမှုဖွင့်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပစ္စည်းတွေလည်း သိမ်းထားတယ်။ ဝယ်ခဲ့တဲ့ဆိုင်ကလည်း ရောင်းသွားတဲ့သူကို လိုက်ရှာပေးနေတယ်။ ရောင်းတဲ့သူ မတွေ့ရင် ဝယ်တဲ့ဆိုင်ရှင်ကို အရေးယူမှာ”ဟု ဦးကျော်ဇောအောင်က ရှင်းပြသည်။

ပျောက်ဆုံးနေသော မြောင်းဖုံးများမှာ မဟာအောင်မြေမြို့နယ်အတွင်း ၆၉ လမ်းနှင့် ၄၂ လမ်း၊ ၆၄ လမ်းနှင့် ၃၈ လမ်း၊ ၆၆ လမ်း နှင့် ၃၈ လမ်း၊ ၆၆ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားမှ ရေမြောင်းအဖုံးများဖြစ်ပြီး ဩဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်းက ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်ထံမှ သိရသည်။  

M-07