News

POST TYPE

NEWS

အလုပ်ထုတ်ခံရသည့် ဖုယွင် အထည်ချုပ်လုပ်သား ၃၀ အလုပ်ပြန်ခန့်ရေး ညှိနှိုင်းမည်
25-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၂၄

အလုပ်မှရပ်ဆိုင်းခံရသည့် ဖုယွင် အထည်ချုပ်စက်ရုံမှ အလုပ်သမား ၃၀ ကို အလုပ်ပြန်ခန့်ရေးအတွက် ဆက်လက် ညှိနှိုင်းပေးမည်ဟု ရန်ကုန်တိုင်း အလုပ်သမား ညွှန်ကြားရေးမှူး ဦးခင်မောင်သွင်က ပြောကြားသည်။

“လက်လွတ်စပယ် အလုပ်က ရပ်ဆိုင်းတာတော့ မဖြစ်သင့်ဘူး။ အလုပ်ကထုတ်ပြီး လျော်ကြေးပေးတာဆိုတာက ခဏတာစားဖို့သာ အဆင်ပြေမယ်။ ရေရှည်ရပ်တည်ဖို့အတွက် ကလေးတွေက အလုပ်က လိုအပ်တယ်”ဟု ၎င်းကဆိုသည်။

အလုပ်သမားများ စည်းကမ်းနှင့်မညီညွှတ်ပါက စက်ရုံအတွင်း ဥပဒေနှင့် အညီ အသိပေးစာပေးပို့၍ အလုပ်က ထုတ်ပယ်သင့်ကြောင်းနှင့် အလုပ်က ထုတ်ပယ်ခံရသည့်လုပ်သားများကို ဩဂုတ်လ ၂၀ ရက်တွင် အလုပ်ကထုတ်ပယ်ကြောင်း အလုပ်သမား နေအိမ်များသို့ စာလိုက်ပို့၍ အသိပေးခဲ့ခြင်းသည် လက်လွတ်စပယ် ဖြစ်လွန်းသည်ဟု ၎င်းကဆိုလိုက်သည်။

ထို့ကြောင့် ရန်ကုန်တိုင်းအဆင့်ရှိ အလုပ်သမားညွှန်ကြားရေးမှူးနှင့် တိုင်းအလုပ်သမားဆက်ဆံရေးဦးစီးဌာနမှ အလုပ်သမားများ အလုပ်ပြန်လည်ခန့်အပ်ရန်အတွက် ဆက်လက် ညှိနှိုင်းဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

အယောက် ၃၀ ကို အလုပ်ထုတ်ခြင်းကြောင့် အလုပ်သမားသမဂ္ဂက စက်ရုံရှေ့တွင် ထိုင်သပိတ်ပြုလုပ် ဆန္ဒထုတ်ဖော်ခဲ့ရာ တစ်လကျော်ကြာအထိ ပြေလည်မှု မရသည့်အပြင် မြို့နယ်၊ တိုင်း၊ ခရိုင် အလုပ်သမား ညှိနှိုင်းဖျန်ဖြေမှု ငါးကြိမ်အထိ ပြုလုပ်ပေးခဲ့ကြောင်း ဒဂုံဆိပ်ကမ်း အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးမင်းအောင်က ပြောကြားသည်။

အလုပ်သမား ၃၀ ကို လုံးဝ အလုပ်ပြန်မခန့်နိုင်ကြောင်း စက်တင်ဘာ ၁၁ ရက်က တက္ကသိုလ်ရိပ်သာလမ်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ စက်ရုံမန်နေဂျာ ဦးသိန်းဆွေက ပြောကြားသည်။

ယင်းစက်ရုံသည် တရုတ်နိုင်ငံသား ပိုင်စက်ရုံဖြစ်ပြီး ၂၀၁၄ ခုနှစ်က စတင်ဖွင့်လှစ်ထားပြီး အထည် Export ပို့ဆောင်ရန်အတွက် အလုပ်သမား ၉၆၀ ဖြင့် လုပ်ငန်းလည်ပတ်နေခြင်းဖြစ်သည်။

J-18