News

POST TYPE

NEWS

တနင်္သာရီတွင် တစ်ရက်အတွင်း လူငါးဦး မိုးကြိုးပစ်ခံရ၊ လေးဦးသေဆုံး
25-Sep-2018

ထားဝယ်၊ စက်တင်ဘာ ၂၄

တနင်္သာရီတိုင်းတွင် စက်တင်ဘာလ ၂၂ ရက်က မိုးကြိုးပစ်ခံရခြင်းကြောင့် လူလေးဦး သေဆုံးကာ တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရ သည်။

ကျွန်းစုမြို့နယ် လင်မလိုကျေးရွာ တွင် ၁ ဦး၊ သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာတွင် ၁ ဦးနှင့် ရေဖြူမြို့နယ်တွင် ၂ ဦး သေဆုံးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန ထံမှ သိရသည်။

ယခုနှစ်မိုးရာသီအတွင်း မိုးကြိုးပစ် ခြင်းကြောင့် လူသေဆုံးမှုမှာ လက်ရှိ ဖြစ်စဉ်က ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝင်းစန္ဒာကြည်က ဆိုသည်။

စက်တင်ဘာလ ၂၂ ရက်က ရေဖြူ မြို့နယ် ဟိန္ဒုချောင်းအတွင်း စက်လှေဖြင့် ငါးဖမ်းနေသည့် လူ ၃ ဦး မိုးကြိုးပစ်ခံခဲ့ရပြီး ယင်းဖြစ်စဉ်တွင် အသက် ၂၀ နှစ် အရွယ် နှင့် ၄၈ နှစ်အရွယ် အမျိုးသားနှစ်ဦး သေဆုံးပြီး အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

ယင်းနေ့တွင်ပင် ကျွန်းစုမြို့နယ် လင်မလိုကျေးရွာအနီးတွင် ဂျင်းခရု ကောက်နေသည့် အသက် ၆၃ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံ ရပြီး သေဆုံးခဲ့ကြောင်း တိုင်းရဲမှတ်တမ်း တွင် ဖော်ပြသည်။

ယင်းအပြင် သရက်ချောင်းမြို့နယ် ကနက်သီရိ ကျေးရွာအနီးတွင်လည်း အသက် ၂၅ နှစ်ခန့်ရှိ အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရကာ သေဆုံးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သေဆုံးသူများအတွက် ကျပ် သုံးသိန်း၊ ဒဏ်ရာရသူကို ငါးသောင်းကျပ် ထောက်ပံ့မည်ဖြစ်ပြီး ထောက်ပံ့ငွေပေး နိုင်ရန် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးချုပ်ထံ စက်တင်ဘာလ ၂၄ ရက်က တင်ပြထားကြောင်း ဒေါ်ဝင်းစန္ဒာကြည် က ဆိုသည်။

“ပိုက်ဆံရလာတာနဲ့ အမြန်ဆုံး ထောက်ပံ့သွားမယ်” ဟု ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တနင်္သာရီ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ဝင်းစန္ဒာကြည် က ပြောသည်။

မုတ်သုံလေ ဆုတ်ခွာနေစဉ်ကာလ တွင် မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏ ဖေ့ဘွတ်ခ် စာမျက်နှာတွင် စက်တင်ဘာလ ၂၂ ရက်နေ့က သတိပေးထားသည်။

Dawei Watch