News

POST TYPE

NEWS

ပုဂံတွင် မနူဟာဘုရား အရုပ်သွင်းပွဲ စတင်ကျင်းပ
24-Sep-2018



မန္တလေး၊ စက်တင်ဘာ ၂၃

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဂူဘုရားများအနက် အကြီးဆုံးနှင့် အထင်ရှားဆုံးဖြစ်သော မနူဟာဘုရားပွဲတော်ကို စက်တင်ဘာလ ၂၃ က စတင်ကျင်းပလျက်ရှိကြောင်း မနူဟာဘုရား ဂေါပကအဖွဲ့က ပြောကြားသည်။

မနူဟာဘုရားပွဲကို ရှေးယခင်ကတည်းက ကျင်းပခဲ့ခြင်းဖြစ်ရာ မနူဟာမင်း အရုပ်သွင်းပွဲကိုလည်း ထည့်သွင်းကျင်းပလေ့ရှိကြောင်း၊ လက်ရှိကျင်းပသည့် ဘုရားပွဲတွင် အရုပ်ပေါင်း ၂၅ ရုပ်ခန့် ပါဝင်ခဲ့ကြောင်း မနူဟာဘုရားဂေါပကအဖွဲ့ဝင် ဦးမောင်ပိုက်က ပြောကြားသည်။

“ပုဂံမှာတော့ မနူဟာဘုရားပွဲမှာ အရုပ်သွင်းပွဲကျင်းပတာ အကြီးဆုံးပဲ။ ရွာမှာတော့ မြစေတီဘုရားနဲ့ မနူဟာဘုရားပွဲ ကျင်းပတာပေါ့။ စိန်ကုန်း၊ ရွှေလယ်ရပ်ကွက်၊ ရွှေခြံရပ်ကွက် ဒီသုံးရပ်ကွက်က ဘုရားကြီးရဲ့ ဂေါစဂမ် (နယ်ခံရပ်ကွက်) ပေါ့။ ဒီသုံးရပ်ကွက်မှာ အဓိကကျင်းပပြီး ကျန်တဲ့ရပ်ကွက်တွေက လိုအပ်တာတွေ ပံ့ပိုးပေးတယ်”ဟု ၎င်းက ရှင်းပြသည်။

မနူဟာဘုရားပွဲကို စက်တင်ဘာ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ အနီးဝန်းကျင်ရှိ ဖွားစော၊ မင်းနန်သူ၊ ကံနီပေါက်၊ ကျောက်ကန်၊ ကျွန်းသီရိ အစရှိသည့် ကျေးရွာများမှ ဒေသခံများ လာရောက်ကြကြောင်း၊ ဒေသထွက် အစားအသောက်များနှင့် ဒေသထွက်ကုန်များလည်း ရောင်းချလေ့ရှိသောကြောင့် နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်ဆင်နွှဲလေ့ရှိသော ဘုရားပွဲတစ်ခုဖြစ်ကြောင်း ဒေသခံအချို့ထံမှသိရသည်။

မနူဟာဘုရားသည် မြင်းကပါတွင်ရှိပြီး ဂူဘုရားများအနက်အကြီးဆုံးနှင့် အထင်ရှားဆုံးဖြစ်ကာ မနူဟာမင်းက တည်ထားခဲ့သည်။ 

ဂူဘုရားနှင့်ထိုင်တော်မူ ဗုဒ္ဓဆင်းတုတော် သုံးဆူ၊ လျောင်းတော်မူ ရုပ်ပွားတော်တစ်ဆူတို့ကို မနူဟာမင်းက အကျဉ်းကျခံနေရသည့် ခြောက်လနှင့် ခြောက်ရက်အတွင်း တည်ဆောက်ခဲ့ကြောင်း၊ ဘုရား စတင်တည်သည့်ရက်သည် မြန်မာသက္ကရာဇ် ၄၂၉ ခုနှစ် ဝါခေါင်လဆန်း ၂ ရက်၊ (ခရစ်နှစ် ၁၀၆၇ ခုနှစ် ဩဂုတ် ၁၅ ရက်) ဖြစ်ကြောင်း၊ ခရစ်နှစ် ၁၀၆၈ ခုနှစ် မတ် ၁၂ ရက်တွင် ပြီးစီးခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ 

M-05