News

POST TYPE

NEWS

မော်ဒယ်လ်အလှမယ် ယွန်းဆက်ပိုင် ယာဉ်မတော်တဆမှုကြောင့် သေဆုံး
24-Sep-2018


မန္တလေး၊ စက်တင်ဘာ ၂၃

Miss Universe မယ်စကြဝဠာ (စစ်ကိုင်း) နှင့် Mandalay Stars & Models Inte'l မှ မော်ဒယ်လ်အလှမယ် ယွန်းဆက်ပိုင်သည် စက်တင်ဘာ ၂၃ ရက်နေ့ နံနက် ၂ နာရီခွဲခန့်အချိန်က အောင်မြေသာစံမြို့နယ်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

“ဒီနေ့မနက်အစောပိုင်းမှာ ဖြစ်သွားတာပါ။ သိသိချင်း ဆေးရုံကိုပို့ပေမယ့် ဆုံးသွားတယ်။ စခန်းမှာ အမှုဖွင့် စစ်ဆေးနေပါတယ်”ဟု အမှတ် (၃) နယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အသက် ၂၁ နှစ်အရွယ် မော်ဒယ်လ် ယွန်းဆက်ပိုင် တစ်ဦးတည်းမောင်းနှင်လာသော ယာဉ်သည် လမ်း ၃၀၊ ၅၈ လမ်းနှင့် ၅၉ လမ်းကြားတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘယ်ဘက်ခြမ်းရှိ သဲပုံကိုဝင်တိုက်မိရာမှ ယွန်းဆက်ပိုင်သည် ယာဉ်ပေါ်မှ လွင့်ကျကာ ဒဏ်ရာများရရှိကြောင်း၊ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် (၃) နယ်မြေရဲစခန်းက ရာဇဝတ်ကြီး ဥပဒေ ပုဒ်မ- ၃၀၄ (က) ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။ 

M-04


  • VIA