News

POST TYPE

NEWS

တစ်ကမ္ဘာလုံး၏ အမှိုက်သရိုက်စုပုံမှုသည် ၂၀၅၀ ပြည့်တွင် ၇၀ ရာခိုင်နှုန်း မြင့်တက်လာမည်
23-Sep-2018



ဝါရှင်တန်၊ စက်တင်ဘာ ၂၂

တစ်ကမ္ဘာလုံး၏ အမှိုက်သရိုက်စုပုံမှုသည် ၂၀၅၀ တွင် ကမ္ဘာ့လူဦးရေတိုးပွားမှုကို ကျော်ဖြတ်သွားမည်ဖြစ်ပြီး လမ်းများပေါ်တွင် အမှိုက်သရိုက်ပိတ်ဆို့မှုများကို တားဆီးရန် အရေးပေါ်လုပ်ဆောင်မှုများ လိုအပ်နေပြီဟု ကမ္ဘာ့ဘဏ်က သတိပေးပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

အာရှနှင့် အာဖရိကဆာဟာရ ဒေသတွင် အထူးသဖြင့် အမှိုက်သရိုက်များ စုပုံလာမှုနှင့်အတူ တစ်ကမ္ဘာလုံး၏ အမှိုက်သရိုက်များသည် ၂၀၁၆ တွင် တန်ချိန် ၂ ဘီလီယံရှိရာမှ ၂၀၅၀ တွင် တန်ချိန် ၃ ဒသမ ၄ ဘီလီယံအထိ မြင့်တက်လာမည်ဟု ကမ္ဘာ့ဘဏ်က သောကြာနေ့က အစီရင်ခံစာ ထုတ်ပြန်သည်။

အမှိုက်သရိုက်များကို စနစ်တကျ စုဆောင်းရှင်းလင်းခြင်းမပြုပါက ရေကြီးခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် အသက်ရှူလမ်းကြောင်းရောဂါများ၊ ဝမ်းလျှောဝမ်းပျက်ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ အစရှိသောလူထုကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။

အထူးသဖြင့် ဝင်ငွေနိမ့်ပါးသော တိုင်းပြည်များတွင် ကောင်းမွန်သော အမှိုက်သိမ်းစနစ်မရှိဘဲ အမှိုက်သရိုက် ၉၀ ရာခိုင်နှုန်းကို ဟာလာဟင်းလင်း စုပုံထားသောကြောင့် အမှိုက်စီမံခန့်ခွဲမှုစနစ် တိုးတက်ရန် အရေးပေါ်လိုအပ်နေသည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။

“၂၀၅၀ ပြည့်နှစ်ဆိုရင် အမှိုက်ပုံက တောင်အာရှမှာနှစ်ဆ၊ အာဖရိကဆာဟာရ ဒေသမှာ သုံးဆတိုးလာမှာဆိုတော့ သတိထားဖို့ တကယ့်ကို လိုအပ်နေပါတယ်။ တကယ်လို့ အရေးယူလုပ်ဆောင်မှုမရှိဘူးဆိုရင် ကျန်းမာရေး၊ ကုန်ထုတ်လုပ်မှု၊ သဘာဝပတ်ဝန်းကျင်နဲ့ အသက်မွေးဝမ်း ကျောင်းကဏ္ဍတွေအပေါ် လုံးဝသိသာတဲ့ ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်” ဟု ကမ္ဘာ့ဘဏ် မြို့ပြဖွံ့ဖြိုးရေးအထူးကျွမ်းကျင်သူ ဆစ်လ်ပါကာဇာကပြောကြားသွားသည်။

သို့ရာတွင် ကမ္ဘာ့လူဦးရေ ၁၆ ရာခိုင်နှုန်းသာရှိသော ဝင်ငွေမြင့် တိုင်းပြည်များအနေနှင့်လည်း ကမ္ဘာ့အမှိုက်သရိုက် တတိယအများဆုံး စွန့်ပစ်နေသူများ ဖြစ်သောကြောင့် ထိုပြဿနာကို အလေးထားရန် လိုအပ်သည်ဟုဆိုသည်။ 

အထူးသဖြင့် တရုတ်နိုင်ငံသည် အမှိုက်ပြဿနာကြီးထွားနေပြီး ၂၀၀၄ တွင် ကမ္ဘာ့အမှိုက်အများဆုံးစွန့်ပစ်သူအဖြစ် အမေရိကကို ကျော်တက်သွားခဲ့ရာ ၂၀၃၀ ပြည့်တွင် အမေရိကထက် အမှိုက်နှစ်ဆပိုမိုထုတ်လုပ်လာမည်ဟု ခန့်မှန်းရသည်။

အမှိုက်သရိုက်သည် မြို့ပြပြဿနာဖြစ်သည်ဟု အစီရင်ခံစာကဆိုသည်။ ကျေးလက်နေပြည်သူများသည်မရှိ နွမ်းပါးသည့်အလျောက် စတိုးဆိုင်မှ ဝယ်ယူမှုနည်းပါးသောကြောင့် ထုပ်ပိုးပစ္စည်းနည်းသည့်အပြင် တစ်ဖန်ပြန်လည် အသုံးပြုမှုက ပိုများသည်ဟု မှတ်ချက်ပေးထားသည်။

ပြီးခဲ့သောဆယ်စုနှစ်များအတွင်း မြို့ပြဖွံ့ဖြိုးမှုသည် တစ်ဟုန်ထိုးမြင့်တက်လာခဲ့ပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်သည်မြို့ကြီးများတွင် နေထိုင်လာကြရာ ၂၀၅၀ ပြည့်တွင် မြို့ကြီးများ၌ နေထိုင်သူများသည် ၂၀၀၀ ပြည့်နှစ် ကမ္ဘာ့လူဦးရေနှင့် ညီမျှသောအရေအတွက် ရှိလာမည်ဟု ခန့်မှန်းကြသည်။

လွန်ခဲ့သော ဆယ်နှစ်က မြို့ပြနေထိုင်သူ ၂ ဒသမ ၉ ဘီလီယံက တစ်ဦးလျှင် နေ့စဉ် အမှိုက် ဝ ဒသမ ၆၄ ကီလိုသာ စွန့်ပစ်ခဲ့ရာမှ ယခုအခါ မြို့ပြနေထိုင်သူ ၃ ဘီလီယံက တစ်ဦးလျှင် နေ့စဉ်အမှိုက် ၁ ဒသမ ၂ ကီလို စွန့်ပစ်နေကြပြီး ၂၀၅၀ ပြည့်တွင် မြို့ပြနေထိုင်သူ ၄ ဒသမ ၃ ဘီလီယံက တစ်ဦးလျှင် နေ့စဉ်အမှိုက် ၁ ဒသမ ၄၂ ကီလို စွန့်ပစ်ကြလိမ့်မည်ဟု ဆိုသည်။

F-04