News

POST TYPE

NEWS

မန္တလေးတွင် တောင်းရမ်းစားသောက်သူများကို ရှောင်တခင်ဖမ်းဆီး
23-Sep-2018

မန္တလေး၊ စက်တင်ဘာ ၂၂

မန္တလေးမြို့အတွင်း လူစည်ကားရာနေရာများတွင် တောင်းရမ်းစားသောက်သူများကို စက်တင်ဘာလ ၂၀ ရက်နေ့က စ၍ ရှောင်တခင်ဖမ်းဆီးလျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

တောင်းရမ်းစားသောက်သူများသည် လူစည်ကားရာနေရာများဖြစ်သော စားသောက်ဆိုင်များ၊ လမ်းများ၊ ဘုရားများနှင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ လည်ပတ်သည့်နေရာများတွင် တောင်းရမ်းလေ့ရှိရာ မန္တလေးမြို့တော်စည်ပင်သန့်ရှင်းရေးဌာနက ဖမ်းဆီးမှုများပြုလုပ်ပါက ခဏတာပျောက်သွားပြီးနောက် ပြန်လည်တောင်းရမ်းမြဲဖြစ်သောကြောင့် စီမံချက်ဖြင့် ရှောင်တခင်ဖမ်းဆီးခြင်းဖြစ်သည်။

အဆိုပါစစ်ဆင်ရေးစီမံချက်တွင် မန္တလေးမြို့တော်စည်ပင်ရဲတပ်ဖွဲ့၊ သန့်ရှင်းရေးဌာန၊ ကလေးသူငယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန စသည့် ဌာနဆိုင်ရာမှ အဖွဲ့ကိုးဖွဲ့စုပေါင်းကာ တစ်ပတ်လျှင် သုံးရက်ဖမ်းဆီးမည်ဖြစ်ကြောင်း၊ မီးပွိုင့်များတွင်တောင်းရမ်းပါက အဆိုပါမီးပွိုင့်တွင် တာဝန်ကျသည့် ယာဉ်ထိန်းရဲ၏ သတင်းပေးပို့မှုဖြင့် လာရောက်ဖမ်းဆီးမည်ဖြစ်ကြောင်း၊ တောင်းရမ်းနေသည်ကို တွေ့ရှိပါက သန့်ရှင်းရေးဌာနမှ ဒုဌာနမှူး၏ ဖုန်းနံပါတ် ဝ၉ - ၂၀၀၀၃၁၄ သို့ ပေးပို့နိုင်ကြောင်း ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

အဆိုပါ လျှပ်တစ်ပြက်စစ်ဆေးရေး စီမံချက်ဖြင့် ၂၆ လမ်းနှင့် လမ်း ၈၀ ထောင့်၊ လမ်း ၃၀ နှင့် ၈၉ လမ်းထောင့်၊ ၃၅ လမ်း နှင့် ၆၆ လမ်းထောင့်များတွင် စက်တင်ဘာလ ၂၀ ရက်က ဖမ်းဆီးခဲ့ရာ တောင်းရမ်းစားသောက်သူ ကလေး ၁၁ ဦးနှင့် လူကြီး ခြောက်ဦးဖမ်းဆီးရမိကြောင်း၊ ကလေးများကို လူမှုဝန်ထမ်းဦးစီးဌာနသို့ ပို့ဆောင်ထားပြီး လူကြီးများကို ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း သန့်ရှင်းရေးဌာနထံမှလည်း သိရသည်။

“လူကြီးတွေကို အရေးယူမယ်။ လွယ်လွယ်ပြောရရင် ထောင်ချမှာပေါ့” ဟု ဦးကျော်ဆန်းမြင့်က ပြောဆိုခဲ့သော်လည်း မည်သည့်ပုဒ်မဖြင့် ထောင်ဒဏ်သတ်မှတ်မည်ကိုမူ ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။

မန္တလေးမြို့တော်စည်ပင်အနေနှင့် ယခင်ကလည်း တောင်းရမ်းစားသောက်သူများကို ဖမ်းဆီးမှုများပြုလုပ်ခဲ့ဖူးရာ ယင်းအချိန်က လူကြီးများကို အနိမ့်ဆုံးထောင်ဒဏ်သုံးလမှ အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ ချမှတ်ခဲ့ဖူးသည်။

M-07