News

POST TYPE

NEWS

ရိုင်ရယ်တည်းခိုခန်း လူသတ်မှုမှ သက်သေခံဓားကို ဆူးလေစေတီအနီးရှိ အမှိုက်ပုံးထဲစွန့်ပစ်ခဲ့ဟုဆို
22-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၂၁

ပုဇွန်တောင်ဈေးအနီးရှိ ရိုင်ရယ်တည်းခိုခန်းတွင် ထွန်းလင်အောင် (ခ) ဖိုးထောင်ကို ထိုးသတ်ခဲ့သည့် သက်သေခံဓားမှာ ဆူးလေစေတီအနီး CB ဘဏ်ရှေ့ အမှိုက်ပုံးထဲတွင် စွန့်ပစ်ခဲ့သည်ဟု မလင်းလင်းခိုင်ကထွက်ဆိုထားကြောင်း ယင်းအမှုကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် မချစ်မက ပြောသည်။

“သွေးစွန်းနေတဲ့ဓားကို ပုဆိုးနဲ့သုတ်ပြီး အိတ်ထဲ ထည့်ယူလာတယ်လို့ မလင်းလင်းခိုင်က ပြောပြတယ်။ တည်းခိုခန်းကထွက်လာပြီး ဆူးလေဘုရားနားအရောက်မှာ CB ဘဏ်ရှေ့က အမှိုက်ပုံးထဲ ဓားနဲ့ ထွန်းလင်းအောင်ရဲ့ ဓာတ်ပုံနှစ်ပုံကို အမှိုက်ပုံးထဲ ပစ်ခဲ့တာ”ဟု ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက်မှ NLD ပါတီဝင် မချစ်မက ရှင်းပြသည်။

ယင်းနောက် မလင်းလင်းခိုင်က ချူဆီ ဇာတ်ကား ရုံတင်ထားသည့် ရုပ်ရှင်ရုံထဲ ဝင်ကြည့်နေချိန် ၎င်းဘေးရှိ ခုံအလွတ်မှာလှုပ်နေသည်ဟု ခံစားရသဖြင့် အိတ်အတွင်း ဖွင့်ကြည့်ရာမှ ထွန်းလင်းအောင်၏မှတ်ပုံတင်ကို တွေ့ရှိခဲ့သောကြောင့် ဆွဲဖြဲပြီး ဓာတ်ပုံကိုဝါးစားပစ်လိုက်သည်။

“အစ်မ (လင်းလင်းခိုင်) က သရဲကြောက်တတ်တယ်။ လူသတ်မှုဖြစ်ပြီး လေးရက်မြောက်နေ့ ၂၀ ရက် ညမှာ ဖုန်းနံပါတ်အစိမ်းနဲ့ သူက ကျမဆီ ဖုန်းခေါ်လာတယ်။ ကျမကို သူ့ကိုပြောပြတယ်။ အစ်မ နင် လုပ်ပြီးသွားပြီဆိုမှတော့ အဖြစ်မှန် ဝန်ခံပြီး အဖမ်းခံလိုက်။ ငါတို့လဲ တတ်နိုင်သလောက် လိုက်လုပ်ပေးမယ်။ ငါတို့မှာ ယုံကြည်ရတဲ့သူ မချစ်မ ဆိုတာရှိတယ်။ နင် သူ့ဆီဖုန်းဆက်ပြီး အကြောင်းစုံ ပြောပြလိုက်လို့ ပြောလိုက်တော့ အဲဒီညမှာပဲ မချစ်မဆီ သူ ဖုန်းဆက်သွယ်လာတယ်”ဟု မလင်းလင်းခိုင်၏ ညီမအရင်းဖြစ်သူ မအေးအေးခိုင်က ပြောသည်။

ကြည့်မြင်တိုင်မြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူလုပ်နေသူ မလင်းလင်းခိုင်နှင့် အဆက်အသွယ် ရခဲ့ပြီးနောက် ယင်းည သန်းခေါင်အချိန် မချစ်မက မော်တော်ယာဉ်ဖြင့် မလင်းလင်းခိုင်ကို သွားရောက်ခေါ်ဆောင်လာပြီး ၎င်းနေအိမ်တွင် ဖြစ်ကြောင်းကုန်စင်မေးမြန်း၍ လူမှုကွန်ရက်ပေါ်  ဗီဒီယိုဖိုင်တင်ခဲ့ပြီး ကာယကံရှင် မလင်းလင်းခိုင်၏ သဘောဆန္ဒအရ ရဲတပ်ဖွဲ့ထံ သတင်းပေးပို့၍ ဖမ်းဆီးခံခဲ့ကြောင်း မချစ်မထံမှ သိရသည်။

“သေဆုံးသူ ထွန်းလင်းအောင်က အိမ်ထောင်ရှိလျက်နဲ့ လူပျိုဆိုပြီး မလင်းလင်းခိုင်ကို လိမ်လည်ပေါင်းသင်းခဲ့တယ်။ ပြီးတော့ မြဝတီဘက် ခေါ်သွားပြီး တစ်ဖက်နိုင်ငံကို ရောင်းစားဖို့ ကြံစည်တယ်။ ဒီလူက မိန်းကလေးတွေ ခေါ်ခေါ်လာပြီး ရောင်းစားနေတာလို့ မြဝတီမှာနေတဲ့ အမျိုးသမီးထံကသိရပြီး ဒီကိစ္စကိုအရေးယူပေးဖို့လည်း မလင်းလင်းခိုင်က ရဲစခန်းတွေမှာ သွားတိုင်ကြားခဲ့သေးတယ်။ တရားရုံးမှာ ဦးတိုက်လျှောက်ထားတော့လည်း အဆင်မပြေခဲ့ဘူး။ သက်သေခံ စာရွက်စာတမ်းတွေ သူ့မှာရှိပါတယ်။ ဥပဒေကို အားကိုးခဲ့ပေမယ့် တစ်ကယ်တမ်းကျတော့ သူ့ဘက်မှာ ရပ်တည်ပေးမယ့်သူ မရှိလို့ အခုလိုအထိ ဖြစ်သွားရတာ”ဟု မချစ်မက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့ညောင်ကျိုးရွာ ဇာတိဖြစ်သူ မလင်းလင်းခိုင်မှာ မွေးချင်းမောင်နှမ ခြောက်ဦးတွင် အကြီးဆုံးဖြစ်ပြီး လွန်ခဲ့သည့်နှစ် ၂၀ ခန့်က အိမ်ထောင်ကျ၍ သားနှစ်ယောက် ထွန်းကားခဲ့သော်လည်း ခင်ပွန်းဖြစ်သူက အရက်သေစာ သောက်စားမူးယစ်၍ အမြဲရန်ရှာနေသောကြောင့် အိမ်ထောင်ရေး အဆင်မပြေဖြစ်ကာ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းက အိမ်ထောင်ကွဲခဲ့ပြီးနောက် နှစ်နှစ်ကျော်အကြာတွင် လူမှုကွန်ရက်ပေါ်မှတစ်ဆင့် ထွန်းလင်းအောင်နှင့် တွေ့ဆုံခဲ့ကြောင်း ၎င်း၏မိသားစုထံမှ သိရသည်။

“သမီးက အနေအေးတယ်။ သည်းခံတတ်တယ်။ တစ်ကြိမ် နှစ်ကြိမ် သည်းခံနေတာကိုမှ ထပ်လွန်လာရင် အကောင်ကြီးသူလဲ မရှောင်ဘူး။ ပြန်ချတာ။ အဲဒီစိတ်က ငယ်ကတည်းက။ အခုလဲ မိဘ ညီအစ်ကို မောင်နှမတွေ မထိခိုက်အောင် သူ့ဘဝ သူကိုယ်တိုင် စီရင်သွားပေမယ့် ဖအေဆိုတော့ သမီးအတွက် အတော်ခံစားရတယ်။”ဟု မလင်းလင်းခိုင်၏ဖခင် ဦးတင်ထွန်းက ပြောသည်။

S-03