News

POST TYPE

NEWS

ဗီယက်နမ်နွယ်ဖွား အမေရိကန်နှစ်ဦးကို အစိုးရအား ဖြုတ်ချရန် ကြိုးစားမှုဖြင့် ထောင်ဒဏ် ၁၄ နှစ်ချမှတ်
21-Sep-2018


ဟနွိုင်း၊ စက်တင်ဘာ ၂၀

အစိုးရအား ဖြုတ်ချရန် ကြိုးစားမှုဖြင့် ဗီယက်နမ်နွယ်ဖွား အမေရိကန်နှစ်ဦးကို ဟိုချီမင်းတရားရုံးကဗုဒ္ဓဟူးနေ့တွင် ထောင်ဒဏ် ၁၄ နှစ်စီချမှတ် လိုက်သည်ဟု တရားရုံးတာဝန်ရှိသူက ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဂျိမ်းစ်ငုယင်နှင့် အိန်ဂျယ်ဖန်တို့ နှစ်ဦးကို ကြံရာပါ ၁၀ ဦးနှင့်အတူ နှစ်ရက်ကြာစစ်ဆေးခဲ့ပြီးနောက် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ကြံရာပါ ၁၀ ဦးမှာမူ နှစ်တိုထောင်ဒဏ်များ ချမှတ်ခြင်းခံရသည်။

ဖန်နှင့် ငုယင်တို့သည် ဗီယက်နမ်တွင် မြေအောက်လှုပ်ရှားမှု ကွန်ရက်တစ်ခုကို ထူထောင်ခဲ့ကြပြီး ၎င်းတို့အနက်မှ အချို့က ဆိုင်းဂုံအုပ်ချုပ်ရေးမှူး၊ အမျိုးသား ကာကွယ်ရေးအစောင့်တပ်မှူး အစရှိသော နောက်ကွယ်အစိုးရပုံစံ အမည်နာမများကို ခံယူထားကြသည်ဟု ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန တရားဝင် သတင်းဝက်ဘ်ဆိုက်တွင် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည်။

ဖန်နှင့် ငုယင်တို့သည် အစိုးရဆန့်ကျင်ရေး ဝါဒဖြန့်မှုများကို ပြည်တွင်းရေဒီယို အသံလွှင့်ဌာနများမှ ထုတ်လွှင့်ရန်၊ ဆန္ဒပြပွဲ များလှုံ့ဆော်ရန်၊ သမ္မတဟောင်းဟိုချီမင်း၏ ပုံရိပ်ကို ဖျက်ဆီးရန် အစီအစဉ်များအပါအဝင် တန်ပြန်တော်လှန်ရေးတာဝန်များကို အဖွဲ့ဝင်များထံအပ်နှင်းခဲ့ကြသည်ဟု သတင်းကဆိုသည်။

“အခြားကြံရာပါ ၁၀ ဦးကတော့ ၅ နှစ်နဲ့ ၁၁ နှစ်အကြား ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံရပါတယ်”ဟု ဟိုချီမင်း တရားရုံးက ပြောကြားသည်။

ဖန်နှင့်ငုယင်တို့သည် ထောင်ဒဏ်ကျခံပြီးလျှင် ပြည်နှင်ဒဏ်ပေးခံရမည်ဟု ဗီယက်နမ်အသံရေဒီယိုက ကြေညာခဲ့သည်။

ဖန်နှင့် ငုယင် စုံတွဲသည် မရှိတော့သည့် တောင်ဗီယက်နမ်နိုင်ငံကိုသစ္စာခံသည့် ဗီယက်နမ်နွယ်ဖွား အမေရိကန်များ ဖွဲ့စည်းထားသည့် ကယ်လီဖိုးနီးယား အခြေစိုက်အဖွဲ့အစည်း “ဗီယက်နမ် အဝေးရောက်အစိုးရ”ကိုယ်စား လှုပ်ရှားခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ယခုနှစ် ဇူလိုင်လအတွင်း အကြမ်းဖက်အုပ်စုအဖြစ် ဟနွိုင်း၏သတ်မှတ်ခြင်းခံခဲ့ရသော အမေရိကန်အခြေစိုက် အဖွဲ့အစည်းသည် ဗီယက်နမ် အစိုးရရုံးပိတ်ရက်များတွင် လှုပ်ရှားမှုများ လုပ်ဆောင်ရန်အတွက် ဖန်နှင့် ငုယင်တို့ကို ၂၀၁၇ ဖေဖော်ဝါရီလက ဗီယက်နမ်သို့ စေလွှတ်ခဲ့သည်ဟု သိရှိရသည်။

ဇွန်လတွင် အဆိုပါအုပ်စုမှ အဖွဲ့ဝင် ၁၅ ဦးကိုယခင်နှစ် ဧပြီလကတန်ဆွန်နတ် လေဆိပ်တွင် ဗုံးထောင်မှုဖြင့် ဟိုချီမင်း တရားရုံးက ပြစ်ဒဏ်များချမှတ်ခဲ့သည်။ ထို့ပြင် ဟိုချီမင်းရဲစခန်းတွင် ဗုံးထောင်သည်ဟုဆိုကာ သီးခြားအုပ်စုမှ အဖွဲ့ဝင် ၇ ဦးကိုလည်း ယခင်လအတွင်း ရဲက ဖမ်းဆီးခဲ့သည်။

အမေရိကန် အခြေစိုက်အဖွဲ့အစည်းအား ၎င်း၏ဝက်ဘ်ဆိုက်မှတစ်ဆင့် မေးမြန်းရာ ဖြေကြားခြင်းမရှိပေ။ ယင်းကိစ္စကို ဟနွိုင်းမှ အမေရိကန်သံရုံးကလည်းချက်ချင်း မှတ်ချက်ပေးခြင်း မပြုသေးပေ။ 

F-04



  • VIA