News

POST TYPE

NEWS

ရန်ကုန်-မန္တလေး တိုက်ရိုက်ရထား ပြန်ပြေးဆွဲ
21-Sep-2018

တောင်ငူ၊ စက်တင်ဘာ ၂၀

ရက်ပေါင်း ၅၀ နီးပါးပိတ်ထားရသည့် ရန်ကုန်-မန္တလေး မီးရထားခရီးစဉ်များ စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ပိုင်းမှစတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းထံမှ သိရသည်။

ပဲခူးတိုင်း ရေတာရှည်မြို့နယ်ရှိ ဆွာချောင်းတမံကျိုးပေါက်ခြင်းကြောင့် မျောပါပျက်စီးခဲ့သည့် ဆွာမီးရထား ချောင်းကူးတံတားကို စမ်းသပ်မောင်းနှင်မှုအချို့ပြုလုပ်ပြီးနောက် စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ဖြတ်သန်းခွင့်ပြုလိုက်သည့်အတွက် ရန်ကုန်-မန္တလေး ရထားများ စတင်ပြေးဆွဲခြင်းဖြစ်သည်။ 

ထို့ပြင်ခရီးသွားများ အားထားစီးနင်းရာ အမှတ် ၅ အဆန်နှင့် ၆ အစုန်မီးရထား (အမြန်ရထား) များအပြင် ရန်ကုန်-မန္တလေးသို့ တိုက်ရိုက်ပြေးဆွဲနေသည့် ကျန်ရထားများအားလုံးသည် စက်တင်ဘာလ ၂၁ ရက် နေ့တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်သည့်အတွက် ရေတာရှည်ဘူတာနှင့် ဆွာဘူတာအကြား ခရီးသည်များကို မော်တော်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ပေးမှုကိုလည်း စတင်ရပ်နားလိုက်ပြီဖြစ်ကြောင်း တောင်ငူဘူတာ အထူးတန်းရုံပိုင်ကြီး ဦးကျော်မျိုးလွင်က ပြောကြားသည်။

“၁၁ အဆန်မီးရထားက ကနေ့ မွန်းတည့် ၁၂ နာရီကျော်မှာ တောင်ငူက ဖြတ်သန်းသွားပါပြီ။ ၁၂ အစုန် မီးရထားက နှစ်နာရီကျော်မှာ တောင်ငူကို ဝင်မယ်။ မနက်ဖြန်တော့ အမြန်ကော၊ လော်ကယ်ရော ပုံမှန်ဖြတ်သန်းနိုင်မယ်”ဟု ဦးကျော်မျိုးလွင်က ပြောဆိုသည်။

အဆိုပါမီးရထား ချောင်းကူး တံတားသည် ဆွာချောင်းတမံကျိုးပေါက်ခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့ကကျိုးပျက်ခဲ့၍ ယင်းတံတားမှ ဖြတ်သန်းခွင့် ရက်ပေါင်းငါးဆယ်နီးပါး ပိတ်ထားခဲ့ရပြီးနောက် ယခုစက်တင်ဘာလ ၂၀ ရက်နေ့တွင် ပြန်လည်သွားလာခွင့်ပြုလိုက်ခြင်းဖြစ်သည်။

အဆိုပါ ဆွာချောင်းကူးတံတား စတင်ပျက်စီးပြီး ရေကျချိန်မှစကာ ပြန်လည်ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့သော်လည်း စက်တင်ဘာလ ၁၉ ရက်နေ့မှသာ ပြီးစီးခဲ့ပြီး စမ်းသပ်မှုများပြုလုပ်ခဲ့ရသည့်အပြင် တံတားအောက်ခြေတွင် ဖို့ထားသည့်ကျောက်နှင့် သဲများနိမ့်ဆင်းခဲ့သည့်အတွက် ပြင်ဆင်မှုများပြုလုပ်ခဲ့ရခြင်းကြောင့် စတင်ဖြတ်သန်းခွင့်ကို မျှော်မှန်းထားသည့်ရက်ထက် အနည်းငယ်နောက်ကျခဲ့ရကြောင်း မြန်မာ့မီးရထားလုပ်ငန်းထံမှ သိရသည်။

ဩဂုတ်လ ၂၉ ရက်နေ့က ဆွာတမံ ကျိုးပေါက်ပြီး မြန်မာ့မီးရထား ရန်ကုန်-မန္တလေးလမ်းပိုင်း တံတားအမှတ် ၃၀၅ ရေထဲမျောပါပျက်စီးခဲ့သည့်အတွက် ဆွာမြို့ဘူတာနှင့် ရေတာရှည်ဘူတာအကြား မော်တော်ယာဉ် ၁၆ စီးဖြင့် ခရီးသည်များကို သယ်ယူပို့ဆောင်ပြီး ရထားပြောင်းလဲ စီးနင်းစေခဲ့ရသည်။

မြန်မာနိုင်ငံ၏ အစောဆုံးတည်ဆောက်ခဲ့သည့် မီးရထားလမ်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ရန်ကုန်-မန္တလေး မီးရထားလမ်းတွင် ပုံမှန်အားဖြင့် အမြန်ရထားခြောက်စီး၊ ကုန်တင်ရထား (စာပို့) နှစ်စင်း၊ နေပြည်တော်-ရန်ကုန်နှစ်စင်း၊ ရန်ကုန်-မော်လမြိုင်သုံးစင်းဖြင့် ပြေးဆွဲရကြောင်း မြန်မာ့မီးရထားလုပ်ငန်းထံမှ သိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့မှစတင်၍ ရပ်နားထားရသည့် ရထားများဖြစ်သည့် အမှတ် (၁) အဆန်ရန်ကုန်-မန္တလေး (နံနက် ၄းဝ၀) ရထား၊ အမှတ် (၁၁) အဆန် ရန်ကုန်-မန္တလေး (နံနက် ၆းဝ၀) ရထား၊ အမှတ်(၃၁) အဆန် ရန်ကုန်-နေပြည်တော် (နံနက် ၈းဝ၀) ရထား၊ အမှတ် (၉) အဆန် ရန်ကုန်-ရွှေညောင် (နံနက် ၁၁းဝ၀) ရထား၊ အမှတ် (၅) အဆန် ရန်ကုန်-မန္တလေး (ညနေ ၃းဝ၀) ရထား၊ အမှတ် (၃) အဆန် ရန်ကုန်-မန္တလေး (ညနေ ၅းဝ၀) ရထား၊ အမှတ် (၇) အဆန် ရန်ကုန်-နေပြည်တော် (ည ၉းဝ၀) ရထားများအားလုံးသည် ဆွာချောင်းတံတားပြီးစီးပြီဖြစ်သည့်အတွက် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမည်ဖြစ်သည်။  

R-15