News

POST TYPE

NEWS

ကမန်တိုင်းရင်းသားများ မှတ်ပုံတင်ကိစ္စ လေးလခန့် ကြာသည်အထိ စိစစ်မည်ဟု ဝန်ကြီးပြော
21-Sep-2018

နေပြည်တော်၊ စက်တင်ဘာ ၂၀

ကမန်တိုင်းရင်းသားထဲတွင် ဘင်္ဂါလီလူမျိုးများ မှတ်ပုံတင်ရရှိထားသည့် အခြေအနေနှင့် ကမန်တိုင်းရင်းသားဦးရေ စာရင်းကိစ္စကို လေးလခန့်ကြာသည်အထိ စိစစ်ပေးမည်ဟုသာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ 

ဇွန်လ ၁၃ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက အထက်ပါကိစ္စကို မေးမြန်းခဲ့ရာ ဝန်ကြီးဌာနအနေနှင့် ကမန်တိုင်းရင်းသားကိစ္စတွင်၂၀၁၄ သန်းခေါင် စာရင်းကောက်ယူမှုအရ အငြင်းပွားဖွယ်ရာကိစ္စများ ရှိခဲ့ကြောင်း၊ ဝန်ထမ်းများအနေနှင့် မသမာမှုပြု၍ အခြားလူမျိုးများကို ကမန်အဖြစ်မှတ်ပုံတင်ထုတ်ပေးခြင်းနှင့် ကယကံရှင်က မသမာမှုပြု၍ မှတ်ပုံတင်ပြုလုပ်ခြင်းရှိပါက စိစစ်၍ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ယင်းဖြေကြားချက်နှင့်ပတ်သက်၍ ပြည့်စုံလုံလောက်သည့်အဖြေ မဟုတ်ကြောင်း ဒေါ်ခင်စောဝေက မီဒီယာများကို မှတ်ချက်ပြုထားခဲ့ပြီး ယနေ့ (စက်တင်ဘာ ၂၀ ) တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ဝန်ကြီးနှင့်မီဒီယာ အချို့တွေ့ဆုံရာတွင်လည်း ထပ်မံစိစစ်သွားမည်ဟုသာ ပြောကြားခဲ့သည်။

“အဲဒါနဲ့ပတ်သက်ပြီး ကမန်တိုင်းရင်းသားပါတီက ကမန်လူမျိုးမဟုတ်ဘူးလို့ ကန့်ကွက်ထားတာရှိပါတယ်။ ဒါလည်း ဌာနအနေနဲ့ စနစ်တကျစိစစ်ထားပြီးမှ လုပ်ထားတာဖြစ်ပါတယ်။ ထပ်ပြီးမှလည်း စိစစ်မှာ ဖြစ်ပါတယ်။ တွေ့ရှိတယ်ဆို တွေ့ရှိတဲ့အနေအထားတွေကို ပြန်လည်ပြီး လိုအပ်သလို ဥပဒေနဲ့အညီ ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

“အဲဒီကမန်တွေဟာ တိုင်းရင်းသားတွေ မှန်ပါတယ်။ သူတို့ကို မှတ်ပုံတင်ပေးတဲ့ လုပ်ငန်းကလည်း ၁၉၈၂ ခုနှစ် ဥပဒေနဲ့အညီ စိစစ်ပြီးပေးခဲ့တာဖြစ်ပါတယ်။ ကမန်တိုင်းရင်းသားအများစုကတော့ ရခိုင်မှာ နေပါတယ်။ သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေတို့မှာ ရှိပါတယ်။ အဲဒီတိုင်းရင်းသားတွေကို စနစ်တကျစိစစ်ပြီးတော့မှ ပေးခဲ့တာဖြစ်ပါတယ်။ ယခင်က ကမန်လူမျိုးစုသည် လေးသောင်းကျော်ရှိသည်ဟု သိရှိရသော်လည်း လက်ရှိတွင် လူမျိုးခြားများသည် ကမန်လူမျိုးစုအတွင်း မသမာမှုဖြင့် ဝင်ရောက်လာသောကြောင့် ဦးရေ သိန်းဂဏန်းအထက်ရှိနေပြီဟု သိရကြောင်း ဒေါ်ခင်စောဝေက ပြောကြားသည်။ 

လက်ရှိ (စက်တင်ဘာ ၁၉) တွင် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်အုပ်စုမှ ဘင်္ဂါလီလူမျိုးတို့သည် ကမန်လူမျိုး အမည်ဖြင့် ၁၁/ရဗန (နိုင်) မှတ်ပုံတင်ကတ်ပြား ၃၃၀၆ လုပ်ထားသည့်ကိစ္စကို ပြန်လည်ဆန်းစစ်ရန်နှင့် လူမျိုးအမည်မှားယွင်းစွာ ဖော်ပြထားသည့်ကတ်များအား ပြန်လည်ရုပ်သိမ်းပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းထားပြီး ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

S-01