News

POST TYPE

NEWS

ဒီမိုကရေစီ ထောက်ခံကြောင်း ပြသရန် တူရကီ အာဏာရနှင့် အတိုက်အခံများ စုဝေးဆန္ဒထုတ်ဖော်
26-Jul-2016 tagged as

အန်ကာရာ၊ ဇူလိုင် ၂၄

တူရကီ အာဏာရပါတီနှင့် အတိုက်အခံ ပါတီများသည် ခါးခါးသီးသီး မုန်းတီးသည့် ရန်ဘက်များ ဖြစ်ကြသော်လည်း ဒီမိုကရေစီရေး ထောက်ခံကြောင်း ပြသရန် အဆိုပါ ပါတီအသီးသီးမှ ထောက်ခံသူ သောင်းနှင့်ချီ စုဝေးဆန္ဒပြ ထုတ်ဖော်ခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

မအောင်မြင်ခဲ့သည့် စစ်အာဏာသိမ်းပွဲ အပြီးတွင် ဒီမိုကရေစီကို ထောက်ခံကြောင်း ပြသနိုင်ရန် ‘သမ္မတနိုင်ငံနှင့် ဒီမိုကရေစီ’ စုဝေးမှုကို အစ္စတန်ဘူလ်မြို့လယ် တာကစ်ရင်ပြင်တွင် ပါတီများ စုဝေးလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ စုစည်းညီညွတ်ရမယ့်နေ့၊ အာဏာသိမ်းမှုနဲ့ အာဏာရှင် အုပ်စိုးသူတွေကို ရင်ဆိုင်ရမယ့်နေ့၊ ပြည်သူတွေရဲ့ အသံကို ကြားအောင် လုပ်ရမယ့်နေ့ပါ” ဟု စုဝေးပွဲကို ဦးဆောင်ပြုလုပ်ခဲ့သည့် အတိုက်အခံ CHP ပါတီမှ မာကဲကီလီ ဒါရိုဂလူက ပြောကြားသွားသည်။

အာဏာသိမ်းမှုကို အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည့် မွတ်ဆလင် ဘုန်းတော်ကြီး ဖာတူလာဂူလန်က ကြိုးကိုင်ခြင်း ဖြစ်သည်ဟု အာဒိုဂန်က စွပ်စွဲထားပြီး ဂူလန်နှင့် ဆက်နွှယ်မှု ရှိသည်ဟု သံသယရှိသည့် ပုဂ္ဂိုလ်က စာသင်ကျောင်း ထောင်ပေါင်းများစွာ၊ အလှူဒါနအဖွဲ့များ၊ ဖောင်ဒေးရှင်းများကို ပိတ်ရန် အမိန့်ထုတ်လိုက်သည်။

တူရကီနိုင်ငံကို ၂၀၀၂ ခုနှစ်မှ စတင်အုပ်ချုပ်လာသည့် အာဏာရ AKP ပါတီသည် အများအားဖြင့် ဘာသာရေးကို ဇောင်းပေးပြောကြားလေ့ ရှိသော်လည်း အာဏာသိမ်းပွဲ အပြီးတွင် အမျိုးသားရေး စိတ်ဓာတ်များ ရှေ့တန်းရောက်လာကာ ကျန်အတိုက်အခံများနှင့် ညီညွတ်လျက်ရှိသည်။

သို့သော်လည်း မအောင်မြင်သည့် အာဏာသိမ်းပွဲကို အကြောင်းပြ အတိုက်အခံများကို အခွဲအခြားမရှိ ဖိနှိပ်မည်ကို အာဒိုဂန်ကို ဝေဖန်သူများက စိုးရိမ်လျက်ရှိသည်။

လက်ရှိတွင်ပင် စစ်သား၊ ရဲသား၊ တရားသူံကြီး၊ ကျောင်းဆရာ၊ အစိုးရဝန်ထမ်းနှင့် အခြားသူ စုစုပေါင်း ၆၀,၀၀၀ ကျော်ကို တူရကီ အာဏာပိုင်များက ထိန်းသိမ်းထားကာ သံသယရှိသူများကို ယခင် ၄ ရက်မှ ရက်ပေါင်း ၃၀ ထိ ထိန်းသိမ်းပိုင်ခွင့် ရှိသည်ဟု တူရကီသမ္မတ အာဒိုဂန်က အမိန့်ထုတ်ပြန်ထားသည်။   

  • TAGS