News

POST TYPE

NEWS

အရေးပါသည့် နျူကလီးယားနှင့် ဒုံးကျည်လက်နက် စက်ရုံ၊ အလုပ်ရုံများကို ဖျက်သိမ်းပေးမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကတိပြု
20-Sep-2018



ဆိုးလ်-ပြုံယမ်း၊ စက်တင်ဘာ ၁၉

ဒုံးကျည်ထုတ်လုပ်ရာတွင် အဓိကအရေးပါသည့် စက်ရုံများနှင့် နျူကလီးယားစမ်းသပ်မှုပြုလုပ်ရာ ပင်မအလုပ်ရုံတစ်ခုကို ဖျက်သိမ်းပေးမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက သဘောတူညီလိုက်ပြီဖြစ်သလို တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်သို့လည်း မကြာမီလာရောက်လည်ပတ်မည်ဟု ကတိပြုလိုက်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြောကြားသည်။ 

ယမန်နေ့ (အင်္ဂါနေ့) ကစတင်ကာ သမိုင်းဝင်ခရီးစဉ်အဖြစ် ပြုံယမ်းသို့ အလည်အပတ်ရောက်ရှိနေသော တောင်ကိုရီးယားသမ္မတမွန်ဂျေအင်းသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် ယင်းသို့ထုတ်ဖော်ပြောကြား ခြင်းဖြစ်သည်။ 

၎င်းတို့နှစ်ဦးသည် ဗုဒ္ဓဟူးနေ့တွင် ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ဖြုတ်သိမ်းရေး၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် အလေးအနက်ထားဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပြီးနောက် မြောက်ကိုရီးယားရှိဒုံးကျည် စမ်းသပ်ထုတ်လုပ်ရာ စက်ရုံများနှင့် နျူကလီးယားစမ်းသပ်မှုအတွက် အရေးပါသည့် အလုပ်ရုံတစ်ခုကိုဖျက်သိမ်းပစ်မည်ဟု ကင်ဂျုံအန်းက ကတိပြုပြောဆိုကြောင်း သမ္မတမွန်ဂျေအင်းက ပြောကြားသည်။ 

၎င်းတို့နှစ်ဦး ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် နှစ်နိုင်ငံအနေနှင့် ကိုရီးယားကျွန်းဆွယ်ဒေသကို နျူကလီးယားလက်နက်နှင့် နျူကလီးယားခြိမ်းခြောက်မှုတို့ မရှိသည့် ငြိမ်းချမ်းရာနယ်မြေတစ်ခုအဖြစ် ပြောင်းလဲပစ်ရေး၊ ကြားခံဇုန်တစ်ခုနှင့် လေယာဉ်မပျံသန်းရဇုန်တစ်ခု ထူထောင်ရေး၊ အပစ်အခတ်ရပ်စဲရေးနယ်မြေဖြစ်သော ပန်မူဂျွန်းတွင် မြေမြှုပ်မိုင်းများနှင့် ကင်းစခန်းများ ဖယ်ရှားရေးတို့ ပါဝင်သည်။ 

အဆိုပါအချက်များအပြင် မကြာမီကာလအတွင်း တောင်ကိုရီးယားနိုင်ငံ၏ မြို့တော်ဆိုးလ်သို့ သွားရောက်လည်ပတ်မည်ဟု ကင်ဂျုံအန်းက သဘောတူခဲ့သည်။ အကယ်၍ ကင်ဂျုံအန်းသာ ဆိုးလ်သို့ အမှန်တကယ်သွားရောက်ဖြစ်သည်ဆိုပါက ယင်းခရီးစဉ်သည် ဒုတိယကမ္ဘာစစ်ပြီးဆုံးကာ ကိုရီးယားနှစ်နိုင်ငံ ကွဲထွက်သွားပြီးနောက်ပိုင်း တောင်ကိုရီးယားသို့ မြောက်ကိုရီးယားခေါင်းဆောင် ပထမဆုံးသွားရောက်လည်ပတ်ခြင်းဖြစ်လိမ့်မည်။ 

ထို့ပြင် လာမည့် ၂၀၃၂ ခုနှစ် နွေရာသီ အိုလံပစ်ပွဲတော်ကို နှစ်နိုင်ငံပူး တွဲကျင်းပသွားရန်နှင့် ကိုရီးယားစစ်ပွဲကာလက သေဆုံးသွားခဲ့သော စစ်သားများနှင့်ပတ်သက်သည့် အကြွင်းအကျန်များကို ရှာဖွေရန်လည်း သဘောတူညီခဲ့သည်။ 

မြောက်ကိုရီးယားသို့ အလည်အပတ်ရောက်ရှိလာသော သမ္မတမွန်ဂျေအင်း၏ ခရီးစဉ်နှင့်ပတ်သက်၍ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဆက်တိုက်ထုတ်လွှင့်ခဲ့သည်။ 

ယမန်နေ့က ပြုံယမ်းနိုင်ငံတကာ လေဆိပ်တွင် နိုင်ငံတော်အခမ်းအနားဖြင့် ကြိုဆိုခြင်းခံခဲ့ရပြီးနောက် သမ္မတမွန်ဂျေအင်းနှင့် ကင်ဂျုံအန်းတို့သည် မော်တော်ယာဉ်တစ်စီးတွင် အတူမတ်တတ်ရပ်စီးကာ ပြုံယမ်းမြို့လမ်းမကြီးတစ်လျှောက် ကြိုဆို နှုတ်ဆက်နေသော ပြည်သူများကို လက်ပြနှုတ်ဆက်ကြသည်။ 

လာရောက်ကြိုဆိုသူများသည် မြောက်ကိုရီးယားအလံနှင့် ပြန်လည်ညီညွတ်ရေးကို ကိုယ်စားပြုသည့် အလံငယ်များဝှေ့ယမ်းကာ ကြိုဆိုကြခြင်းဖြစ်သည်။

“လူထုတစ်ရပ်တည်း၏ စည်းလုံးညီညွတ်မှုဖြင့် ငြိမ်းချမ်းမှုနှင့် ချမ်းသာကြွယ်ဝမှုရှိသည့် ခေတ်ကာလတစ်ခုကို စတင်ဖွင့်လှစ်ကြပါစို့”ဟု ရေးသားထားသော စာတန်းကြီးတစ်ခုကို လေဆိပ်ခန်းမအပြင်ဘက်တွင် တွေ့မြင်ရသည်။ 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ကမူ သမ္မတမွန်ဂျေအင်းနှင့် ကင်ဂျုံအန်းတို့အကြား ထပ်မံရရှိလိုက်သည့် သဘောတူညီချက်များနှင့်ပတ်သက်၍ ချီးမွမ်းပြောဆိုလိုက်သည်။ 

နျူကလီးယားလက်နက်နှင့်ဆိုင်သော စက်ရုံ၊ အလုပ်ရုံများကိုဖျက်သိမ်းပေးရန် သဘောတူညီခဲ့သော်လည်း မည်သည့်အချိန်ကာလတွင် မည်သို့မည်ပုံဖျက်သိမ်း မည်ဟူသောအချက်ကို ထုတ်ပြန်ခြင်းမရှိပေ။ 

သမ္မတမွန်ဂျေအင်းနှင့် ကင်ဂျုံအန်းတို့သည် ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်း နှစ်နိုင်ငံနယ်စပ်ဒေသ၌ နှစ်ကြိမ်တိတိ တွေ့ဆုံခဲ့ပြီးဖြစ်ရာ ယခုဗုဒ္ဓဟူးနေ့က ကျင်းပသော ထိပ်သီးဆွေးနွေးပွဲသည် တတိယအကြိမ် ဖြစ်သည်။

F-01