News

POST TYPE

NEWS

စည်းကမ်းမလိုက်နာသည့် ကော်ဖီဆိုင် အမည်ခံ အလုံပိတ်ဆိုင်များ လိုင်စင်ပိတ်သိမ်းမည်ဟုဆို
26-Jul-2016

တောင်ငူ၊ ဇူလိုင်၂၆

ပဲခူးတိုင်း ပြည်မြို့နယ် နဝဒေးရပ်ကွက် အပါအဝင် မြို့ပေါ်ရပ်ကွက်ကြီးများတွင် စားသောက်ဆိုင်၊ ကော်ဖီဆိုင်ဟု အမည်ခံထားပြီး အလုံပိတ်တဲများ ဆောက်လုပ်ကာ သတ်မှတ်စည်းကမ်းကို ချိုးဖောက်ရောင်းချနေသည့် ဆိုင်များကို သတိပေး တားမြစ်ချက် ထုတ်ပြန်ထားပြီး လိုက်နာခြင်း မရှိပါက လိုင်စင်ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ပြည်ခရိုင် စည်ပင်သာယာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး သူရဦးမြင့်သူက ပြောကြားသည်။
“သတ်မှတ်ထားတဲ့ စည်းကမ်းချက်ကို မလိုက်နာဘူး။ ကော်ဖီဆိုင် အမည်တပ်ပြီး တခြားအရက်သေစာ ရောင်းချတာမျိုးတွေ လုပ်လာမယ်ဆိုရင် လိုင်စင်သက်တမ်း တိုးမြင့်ခွင့်မပေးတဲ့အပြင် ဆိုင်ပိတ်သိမ်းခြင်းမျိုးအထိ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်မြို့ပေါ် ရပ်ကွက်များတွင် စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ အအေးဆိုင်နှင့် လက်ဖက်ရည်ဆိုင် အမည်တပ်ပြီး တရားမဝင် အလုံပိတ် ဆိုင်ခန်းလေးများ ဆောက်လုပ်ကာ အခကြေးငွေဖြင့် အချိန်ပိုင်း နေရာငှားစား နေမှုများကြောင့် အထက်တန်းနှင့် တက္ကသိုလ်အဆင့် လူငယ်စုံတွဲများ လာရောက်ချိန်းတွေ့မှုများ ရှိသဖြင့် လူငယ်များ စာရိတ္တ ပျက်ပြားနေရကြောင်း သတင်းအရ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် တာဝန်ရှိသူများက ဇူလိုင် ၂၅ ရက်က ရှောင်တစ်ခင် စစ်ဆေးခဲ့ရာ အလုံပိတ်ဆိုင်ခန်း တချို့တွင် ကုတင်နှင့် မွေ့ယာများပါ ထားရှိသည်ကို တွေ့ရှိခဲ့ရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်ကိုယ်တိုင် ဒီသတင်းကို အများပြည်သူသိအောင် ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။ သွားရောက်စစ်ဆေးတဲ့ အခါမှာ ထင်ထားတာထက်ဆိုးတဲ့ အခြေအနေမျိုးကို မြင်တွေ့ခဲ့ရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဘက်ကလည်း အရင်က စစ်ဆေးမှုတွေမှာ ပေါ့လျော့တာမျိုး ဖြစ်နေခဲ့တော့ ဒီတစ်ခါမှာ သတ်မှတ်စည်းကမ်းကို လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိကို သေသေချာချာ စောင့်ကြည့်လေ့လာသွားပါမယ်” ဟု ပြည်မြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင် ဦးအေးချိုက ပြောကြားသည်။

အဆိုပါ နေရာများသို့ သက်ဆိုင်ရာက ရှောင်တခင် ဝင်ရောက်စစ်ဆေးရာတွင် တည်းခိုးခန်းလိုင်စင် လျှောက်ထားဆဲဆိုသည့် စကားဖြင့် ဥပဒေကို လက်တစ်လုံးခြား လုပ်ကိုင်လေ့ ရှိကြကြောင်း ပြည်မြို့ မိုးမေတ္တာ နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးညီညီအောင်က ပြောဆိုသည်။
“လူငယ်တွေ အကျင့်စာရိတ္တ ပျက်ပြားစေတဲ့အပြင် ဘေးထွက်ဆိုးကျိုး အနေနဲ့ မူးယစ်ဆေးဝါး သုံးစွဲတာမျိုး၊ အရွယ်မတိုင်ခင် ပန်းကောင်းအညွှန့်ကျိုးတာမျိုး ဖြစ်စေတဲ့ ဒီလိုလုပ်ငန်းတွေကို လိုင်စင်ချထားတဲ့အခါ တာဝန်ရှိသူတွေ အနေနဲ့ သေသေချာချာ စိစစ်ပြီးမှ ချပေးတာမျိုး လုပ်စေချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုစစ်ဆေးတွေ့ရှိခဲ့သည့် စားသောက်ဆိုင်၊ ကော်ဖီင်္ဆိုင် အမည်ခံ အလုံပိတ် ဈေးဆိုင်ခန်းများကို သုံးရက်အတွင်း အပြီးဖျက်သိမ်းရန် ညွှန်ကြားထားသည်ဟု ပြည်မြို့ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။