POST TYPE

NEWS

မုံရွာ ဗောဓိတစ်ထောင် စိမ်းလန်းစိုပြည်ရေး တိုင်းအစိုးရထံ ဘတ်ဂျက်တောင်း
18-Sep-2018


မုံရွာ၊ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ နယ်၊ ဗောဓိတစ်ထောင်တောင်တန်း စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များ စိုက်ပျိုးနိုင်ရေး တိုင်းအစိုးရထံ ဘတ်ဂျက်တောင်းခံထားကြောင်း မုံရွာမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနထံမှ သိရသည်။

ဗောဓိတစ်ထောင်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် ၁၉၉၇ ခုနှစ်မှစ၍ အရိပ်ရနှစ်ရှည်ပင်များစိုက်ပျိုးခဲ့ပြီး ယခုအခါ တည်ဆောက်ဆဲ ထိုင်တော်မူရုပ်ပွားအနီးတစ်ဝိုက် တစ်မိုင်ပတ်လည်တွင် သဘာဝပေါက်ပင်များ မရှိသလောက် နည်းပါးနေ၍ သစ်ပင်စိုက်ရန် တိုင်းအစိုးရထံမှ ဘတ်ဂျက်ကျပ်သန်းခြောက်ရာ
တောင်းခံထားကြောင်း အဆိုပါဌာနဦးစီးအရာရှိ ဦးမောင်မျိုးက ပြောကြားသည်။

“သစ်ပင်မရှိတော့ အပူထိန်းသိမ်းမှု ရေဝေရေလဲထိန်းသိမ်းမှုအတွက် သစ်ပင်တွေပြန်စိုက်ရမယ်။ သစ်တောသစ်ပင်က သောက်ရေအိုးလိုပဲ သူရှိနေတော့ သဘာဝ ရေထွက်တွေ ရလာမယ်။ မိုးမှန်လာမယ်”ဟု ၎င်းကဆိုသည်။

ထိုင်တော်မူတစ်မိုင်ပတ်လည်တွင် အသက် ၂ နှစ်မှ ၃ နှစ်ရ ပျိုးပင်များကို တစ်နှစ်လျှင် သုံးသောင်းဖြင့် ဘတ်ဂျက်ရရှိပါက လာမည့်မိုးကာလမှစကာ လေးနှစ် ဆက်တိုက်စိုက်ပျိုးမည်ဖြစ်ကြောင်း၊ အသက်ရ အပင်စိုက်ခြင်းအားဖြင့် ရှင်သန်မှုသေချာကြောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနထံမှ သိရသည်။

R-08