News

POST TYPE

NEWS

အဆိပ်ခတ်မှု စစ်ဆေးနေသည့် ဆွစ်ဓာတ်ခွဲခန်းကို ရုရှားသူလျှိုများ ထောက်လှမ်း
17-Sep-2018
ဂျီနီဗာစက်တင်ဘာ ၁၆

ဆာဂျီစခရီပယ် အားအဆိပ်ခတ်လုပ်ကြံမှုတွင် စုံစမ်းစစ်ဆေးပေးနေသော ဆွစ်ဇာလန်ဓာတ်ခွဲခန်းကို လျှို့ဝှက်ထောက်လှမ်းခဲ့သည့် ရုရှားသူလျှိုနှစ်ဦးကို ယခုနှစ်အစောပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ရုရှားသူလျှိုနှစ်ဦးကို ယခုနှစ်အစောပိုင်းက နယ်သာလန်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး အချိန်တိုအတွင်းမှာပင် နယ်သာလန်နိုင်ငံမှ နှင်ထုတ်ခဲ့သည်ဟု ဆွစ်သတင်းစာများက ဖော်ပြခဲ့သည်။

ဆွစ်ဇာလန် Spiez မှ ဓာတ်ခွဲခန်းသည် ဆာဂျီစခရီပယ်အမှုမှ အဆိပ်နမူနာကို စစ်ဆေးပေးနေသည့်အပြင် ဆီးရီးယားစစ်ပွဲမှ သံသယဖြစ်ဖွယ် ဓာတုလက်နက်များအား စစ်ဆေးခြင်းကိုလည်း လုပ်ဆောင်ပေးလျက်ရှိသည်။

ဆွစ်ဇာလန် ထောက်လှမ်းရေးဌာန ပြောရေးဆိုခွင့်ရှိသူ တာဂက်စ်အန်ဇီဂါက ရုရှားသူလျှိုများအားဖမ်းဆီးမှုတွင် ဆွစ်ထောက်လှမ်းရေးက ထိရောက်စွာပါဝင်ခဲ့ကြောင်းနှင့် ပူးတွဲစုံစမ်းမှုရလဒ်များကို ဆွစ်ထောက်လှမ်းရေးက အတည်ပြုပေးခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။

ရုရှားနှစ်ဦးသည် ဓာတ်ခွဲခန်းကွန်ပျူတာစနစ်ကို ဖောက်ထွင်းရာတွင် အသုံးပြုသောပစ္စည်းကိရိယာများ လက်ဝယ်တွင်ရှိနေသည့်အပြင် ၎င်းတို့သည် ရုရှားထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးနေသည်ဟု သတင်းစာများက ရေးသားထားသည်။ မတ်လအတွင်းက ဆာလစ်ဗျူရီတွင် ရုရှားသူလျှိုဟောင်းဆာဂျီစခရီပယ်နှင့် သမီးဖြစ်သူ ယူလီယာတို့ကို ရုရှားနှစ်ဦးက အဆိပ်ဖြင့် လုပ်ကြံခဲ့သည်ဟု ဗြိတိန်က ပြောကြားသည်။ ထိုဖြစ်ရပ်တွင် ဆာဂျီစခရီပယ်တို့ သားအဖနှစ်ဦးစလုံး အသက်ရှင်ခဲ့သော်လည်းလအတန်ကြာတွင် အလားတူအဆိပ်ဖြင့် ထိတွေ့မိသူ ဒေသခံ ဒေါင်းစတူးဂက်စ်မှာမူ သေဆုံးသွားခဲ့သည်ဟု သိရှိရသည်။

ဓာတ်ခွဲခန်းကိုထောက်လှမ်းသူနှစ်ဦးမှာ ဗြိတိန်တွင် အဆိပ်ခပ်မှုကို ကျူးလွန်ခဲ့သူများ မဟုတ်ဟုဆွစ် NRC သတင်းဌာနက ပြောကြားသည်။

ရုရှားသူလျှိုနှစ်ဦးအားဖမ်းဆီးခဲ့ သောအချိန်ကာလကို ဆွစ်ဇာလန်ဖက်က ပြောကြားခြင်းမပြုသော်လည်း ဗြိတိန်ထောက်လှမ်းရေးက အဆိုပါ ဖမ်းဆီးမှုတွင် ၎င်းတို့လည်း ပါဝင်ခဲ့ကြောင်းနှင့် ဆာလစ်ဗျူရီအဆိပ်ခတ်မှုအပြီးတွင် ဖြစ်ပွားခဲ့ကြောင်းပြောကြားသည်။

ဆွစ်ထောက်လှမ်းရေးဌာနဆက်သွယ်ဆောင်ရွက်ရေးဌာနမှူး အစ္စဘဲလားဂရက်ဘာက အဆိုပါဖမ်းဆီးမှုတွင် ဆွစ်ထောက်လှမ်းရေးသည် ဗြိတိန်နှင့် နယ်သာလန်မှထောက်လှမ်းရေးအဖွဲ့များနှင့် ထိရောက်စွာပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ပြောကြားသည်။

ရုရှားသူလျှို ထောက်လှမ်းမှု၏ အဓိကပစ်မှတ်မှာ ဓာတုလက်နက်တားမြစ်ရေးဆိုင်ရာ အဖွဲ့အစည်းအတွက် လုပ်ကိုင်ပေးနေသော Spiez မှ ဓာတ်ခွဲခန်းဖြစ်သည်။ ဓာတ်ခွဲခန်းသည် အန္တရာယ်များသော ရောဂါကူးစက်မှုများကို သုတေသနပြုသည့်အပြင် ဇီဝဆိုင်ရာ၊ ဓာတုဆိုင်ရာ၊ နျူကလီးယားဆိုင်ရာသုတေသနများကိုလည်း လုပ်ဆောင်လျက်ရှိသည်။

F-04