News

POST TYPE

NEWS

ရုရှား၏ ဧရာမစစ်ရေးလေ့ကျင့်မှုကြီးကို NATO စစ်အုပ်စု အရေးမပါသည့်ပုံစံဖြင့် တုံ့ပြန်
17-Sep-2018


မော်စကို၊ စက်တင်ဘာ ၁၆

ရုရှားနိုင်ငံက ဆိုဗီယက်ခေတ်နောက်ပိုင်း အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုအဖြစ် ပြုလုပ်လျက်ရှိသော ဗော့စတော့ ၂၀၁၈ အမည်ရ စစ်ရေးလေ့ကျင့်မှုကြီးနှင့် ပတ်သက်၍ NATO စစ်အုပ်စုက စောင့်ကြည့်လျက်ရှိသော်လည်း အရေးမပါသည့် သဘောမျိုးဖြင့်စောင့်ကြည့်နေခြင်းဖြစ်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယမန်နှစ်က ရုရှားနိုင်ငံက ဘောလ်တစ်ဒေသနိုင်ငံများကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်သည့်ပုံစံမျိုးဖြင့် စစ်ရေးလေ့ကျင့်ခဲ့စဉ်က NATO စစ်အုပ်စုက အမှုမဲ့အမှတ်မဲ့သဘောထားခဲ့သော်လည်း အနောက်အုပ်စု၏ အစိုးရအရာရှိကြီးများအကြား ယင်းစစ်ရေးလေ့ကျင့်မှုကိစ္စကိုသာ အလေးပေးပြောဆိုခဲ့သည်။ 

ယခုတစ်ကြိမ် ဗော့စတော့ ၂၀၁၈ နှင့်ပတ်သက်၍ ရုရှားအစိုးရက အကြီးမားဆုံးဖြစ်ကြောင်း၊ စစ်ရေးအင်အားတောင့်တင်းမှုကို ပြသခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့သော်လည်း NATO စစ်အုပ်စုက စိတ်မပါသည့်သဘောမျိုးဖြင့် တုံ့ပြန်ပြုမူခဲ့သည်ဟု DW သတင်းဌာနက ဆိုသည်။ 

ဗြိတိန်အခြေစိုက် ကာကွယ်ရေးနှင့်လုံခြုံရေးပညာလေ့လာရေး အင်စတီကျု (RUSI) မှ ကာကွယ်ရေးပညာကျွမ်းကျင်သူ အက်လိဇဘက်ဘရောက ယခုစစ်ရေးလေ့ကျင့်မှုကို NATO စစ်အုပ်စုက စိုးရိမ်ပူပန်မှုမဖော်ပြခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်ကြောင်း၊ သို့သော် တရုတ်နိုင်ငံပူးပေါင်းပါဝင်လာမှုက အလေးအနက်ထား စောင့်ကြည့်ရမည့်ကိစ္စဟု ပြောလိုကြောင်း ပြောကြားသည်။ 

“တရုတ်နိုင်ငံပါလာတော့ သူတို့နှစ်နိုင်ငံဟာ အတူလက်တွဲပူးပေါင်းနိုင်ပြီဆိုတဲ့အချက်ကို ဖော်ပြတဲ့သဘောပါ။ ကျွန်မတို့ အနောက်အုပ်စုတွေအနေနဲ့ အဲဒီလိုခိုင်မာတဲ့မဟာမိတ်မရှိဘူးဆိုတာကို ပြောချင်တာပါ” ဟု ၎င်းက ပြောကြားသည်။ 

စစ်ရေးအင်အားတောင့်တင်းမှုကို ထုတ်ဖော်ပြသခြင်းသည် ရုရှားသမ္မတဗလာ ဒီမာပူတင်အတွက် ရည်ရွယ်ချက်များစွာရှိလိမ့်မည်ဟု ဘရပ်ဆဲလ်အခြေစိုက် Martens Center မှ စစ်ရေးလေ့လာသူ ရိုလန်ဖရောင်ဒန်စတိုင်းကဆိုသည်။ 

“ဒါဟာ သူ့ရဲ့ပြည်သူတွေကို အင်အားပြတာလည်း ဖြစ်နိုင်သလို ပင်စင်ပြုပြင်ပြောင်းလဲရေးကစပြီး ပြဿနာမျိုးစုံ ပေါ်ပေါက်နေတဲ့ ပြည်တွင်းရေးအကျပ်အတည်းတွေကနေ အာရုံလွှဲပြောင်းအောင် လုပ်တာလည်းဖြစ်နိုင်တယ်။ တစ်ဖက်မှာကြည့်မယ်ဆိုရင်လည်း ဒါဟာ သမ္မတပူတင်နဲ့ အနောက်အုပ်စုကစားနေတဲ့ ဂိမ်းတစ်ခုပဲ။ NATO အဖွဲ့ဝင် နိုင်ငံတွေကို ခြောက်လှန်ဖို့၊ အထူးသဖြင့် နိုင်ငံငယ်လေးတွေကို ခြောက်လှန့်ဖို့”ဟု ပြောကြားသည်။ 

အဆိုပါ ဗော့စတော့ ၂၀၁၈ စစ်ရေး လေ့ကျင့်မှုတွင် ရုရှားတပ်ဖွဲ့ဝင်သိန်းနှင့်ချီ၍ ပါဝင်သလို တင့်ကားများ၊ စစ်လေယာဉ်များ၊ စစ်သင်္ဘောအမြောက်အမြားလည်း ပါဝင်သည်။ စစ်ရေးလေ့ကျင့်မှုစတင်ပြုလုပ်သည့်နေ့တွင် ရုရှားသမ္မတနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မော်စကို၌ တွေ့ဆုံခဲ့ကြသည်။ 

တရုတ်နှင့်အတူ မွန်ဂိုလီးယားကလည်း ယင်းစစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ခဲ့သည်။

F-01