News

POST TYPE

NEWS

ရန်ကုန်စာတိုက်ကြီးတွင် မူးယစ်ဆေးဝါးများ ထပ်မံတွေ့ရှိ
16-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၁၅ 

ရန်ကုန်စာတိုက်ကြီး ပြည်ပအကောက်ခွန် စစ်ဆေးရေးဌာနတွင် စက်တင်ဘာလ ၁၃ ရက် ညနေ ၃ နာရီခွဲခန့်က မူးယစ်ဆေးဝါးများ ထပ်မံတွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

မူးယစ်ဆေးဝါးဟု ယူဆရသော မသင်္ကာဖွယ်ရာ အထုပ်တစ်ထုပ်တွေ့ရှိကြောင်း သတင်းအရ ကျောက်တံတား မြို့မရဲစခန်းက တာဝန်ရှိသူများနှင့် မူးယစ်တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ Koolhydraten Gewichts Toename တံဆိပ်ပါ နို့မှုန့်ထုပ်များအတွင်းမှ ကိုကင်းဟုယူဆရသော ပါကင်အထုပ်ကြီး ၁၀ ထုပ်ကိုစစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပါဆယ်ထုပ်ကို တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးက လာရောက်ထုတ်ယူခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှသိရသည်။

“နို့မှုန့်တွေကို ယ်ပြီး မူးယစ်ဆေးဝါး အခဲတွေ ပြန်ထည့်ထားတာ။ အတုံးလိုက်ကြီးတွေဆိုတော့ သိသိသာသာကြီးပဲ၊ အခုတစ်ခါကတော့ ဂျာမနီနိုင်ငံကနေ လှမ်းပို့တာ။ အရင်နှစ်ကြိမ်တုန်းက အမေရိကန် နိုင်ငံကနေပို့တာ။ အခုဆိုရင် စာတိုက်ကြီးကနေ သုံးကြိမ်ရှိသွားပြီ။ အခုထုတ်ယူတဲ့ အမျိုးသမီးကလည်း တခြားသူကနေတစ်ဆင့် ထုတ်ခိုင်းလို့ လာထုတ်တာလို့ သိရတယ်၊ ကွင်းဆက်ကတော့ ဖမ်းမမိသေးဘူး” ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

မူးယစ်ဆေးဝါးပါသည့် ပါဆယ်ထုပ်ကို လာရောက်ထုတ်ယူသူ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးနှင့် ယင်းပါဆယ်ထုပ်ကို လာရောက်ထုတ်ယူရန် စေခိုင်းသူတို့အား ကျောက်တံတားမြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(ခ)/၂၁ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ယင်းစာတိုက်ကြီးသို့ ပေးပို့သော ပါဆယ်ထုပ်များအတွင်းမှ စက်တင်ဘာလ ၆ ရက် ညနေ ၄ နာရီခွဲခန့်က စားသောက်ကုန်များနှင့်ရောနှောကာ အမေရိကန်နိုင်ငံမှ ပေးပို့သည့် ကော်ဖီထုပ်များအတွင်းမှ Ketamine မူးယစ်ဆေးဝါးဟုယူဆရသော အကြည်ရောင်ပုံဆောင်ခဲ ၂၇ ဂရမ်ခန့်စီပါ အထုပ်သေး ၁၇၀ ကို ပါကင်ထုပ်ကြီးများအတွင်းမှ စစ်ဆေးတွေ့ရှိခဲ့ဖူးပြီး လွန်ခဲ့သော ဩဂုတ်လ ၈ ရက် ညနေ ၅ နာရီခန့်က ဆေးခြောက်ဟု ယူဆရသော အရိုး၊ အရွက်ရောရာ ၅၄ ဂရမ်ခန့်နှင့် ဆေးခြောက်အဆီဟု ယူဆရသော လိမ္မော်ရောင်ပုံဆောင်ခဲ ၁၃ ဒသမ ၂ ဂရမ်ခန့်ကို စစ်ဆေးတွေ့ရှိခဲ့ဖူးသည်။

J-16