News

POST TYPE

NEWS

ဗီယက်နမ်တွင် ပြည်သူများ ခွေးသားစားသည့်အလေ့အထ အဆုံးသတ်ရန် အာဏာပိုင်များကြိုးပမ်း
13-Sep-2018


ဟနွိုင်း၊ စက်တင်ဘာ ၁၂

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ပြည်သူများအနေနှင့် ခွေးသားစားသည့် အလေ့အထကို ရပ်ဆိုင်းပေးရန် အစိုးရအရာရှိကြီးများက တိုက်တွန်းဆော်ဩလျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ခွေးသားစားခြင်းသည် မြို့တော်ဟနွိုင်းမြို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ရုံသာမက ခွေးရူးပြန်ရောဂါကဲ့သို့သော ရောဂါများကိုလည်း ကူးစက်ဖြစ်ပေါ်စေနိုင်သည်ဟုဆိုကာ အစိုးရအရာရှိကြီးများက ဒေသခံပြည်သူများကို တိုက်တွန်းနေခြင်းဖြစ်သည်။ 

ဟနွိုင်းပြည်သူ့ကော်မတီက “ခွေးသားစားသည့်အလေ့အထသည် ယဉ်ကျေးမှုရှိသော ခေတ်မီမြို့တော်ဟူသည့် ဂုဏ်ဒြပ်ကို ထိခိုက်ပျက်စီးစေသည့် အလေ့အထတစ်ခုဖြစ်သည်” ဟု ကြေညာချက်ထုတ်ထားသည်။ ထို့ပြင် ခွေးသားစားခြင်းဖြင့် ခွေးရူးပြန်ရောဂါ၊ လက်တိုပရိုစစ်ရောဂါကဲ့သို့သော ကူးစက်ရောဂါများ ပြန့်ပွားဖြစ်ပေါ်စေနိုင်သည်ဟု သတိပေးသည်။ 

ဟနွိုင်းမြို့ရှိ စတိုးဆိုင်များတွင် ယနေ့အချိန်အထိ ခွေးသားနှင့် ကြောင်သားများ ရောင်းချနေဆဲပင်ဖြစ်သည်။ သို့အတွက်ကြောင့် ကော်မတီက ခွေးသားသာမက ကြောင်သားစားသုံးမှုကိုလည်း ရပ်ဆိုင်းရန် တိုက်တွန်းသည်။ ဗီယက်နမ်တွင် ကြောင်သားသည် ခွေးသားလောက် လူကြိုက်များခြင်းမရှိသော်လည်း စားသုံးသူများ ရှိနေဆဲပင်ဖြစ်သည်။ 

အဆိုပါကော်မတီက ခွေးနှင့် ကြောင်ကဲ့သို့သော အိမ်မွေးတိရစ္ဆာန်လေးများသည် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခံနေရသည်ဟုလည်း မီးမောင်းထိုးဖော်ပြထားသည်။ 

ဟနွိုင်းမြို့တွင် ခွေးနှင့်ကြောင် အကောင်ပေါင်း ၄၉၀,၀၀၀ ကျော်ခန့်ရှိပြီး အများစုမှာ အိမ်မွေးအချစ်တော်လေးများ ဖြစ်သည်။ 

ဗီယက်နမ်တွင် ခွေးသားစားသည့်ကိစ္စကို မနှစ်သက်သူဦးရေတိုးပွားလာသော်လည်း အလွန်အမင်းအရိုးစွဲနေသည့် ကိစ္စအဖြစ် ဆက်ရှိနေဆဲဖြစ်သည်ဟု BBC ဗီယက်နမ်ပိုင်းဆိုင်ရာ သတင်းဌာနမှ သတင်းထောက် လင်းငုယင်က ပြောကြားသည်။ 

အစိုးရအာဏာပိုင်များက ယခုလို ခွေးသားစားသည့်ကိစ္စ ရပ်တန့်ပေးရန် တိုက်တွန်းဆော်ဩမှုကို လူမှုကွန်ရက်များပေါ်တွင် ပြည်သူအများစုက ကြိုဆိုခဲ့ကြသည်။ သို့သော် ဗီယက်နမ်ပြည်သူအများစုမှာ ယင်းအလေ့အထကို အလွယ်တကူ မစွန့်လွှတ်နိုင်ဘဲဖြစ်နေသည်ဟု အချို့က ထောက်ပြသည်။ 

လူမှုကွန်ရက်အသုံးပြုသူတစ်ဦးကမူ ခွေးသားစားသည့်ကိစ္စသည် လူတစ်ဦး၏ လွတ်လပ်စွာအစားရွေးချယ်ခွင့်နှင့် သက်ဆိုင်ကြောင်း၊ သို့အတွက်ကြောင့် ခွေးသားကို ပိတ်ပင်ခြင်းထက် အခွန်တင်းကျပ်စွာကောက်ခံခြင်း သို့မဟုတ် သတ်မှတ်ထားသည့် ဧရိယာတစ်ခုတည်းတွင်သာ ရောင်းချခွင့်ပြုခြင်းတို့ ပြုလုပ်သင့်သည်ဟု ဆိုသည်။ 

F-01