News

POST TYPE

NEWS

ဆိုဗီယက်ခေတ်ကာလနောက်ပိုင်း အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှု ရုရှားပြုလုပ်၊ တရုတ်စစ်တပ်လည်း ပူးပေါင်းပါဝင်၊ အမေရိကကို သတိပေးမှုဟုဆို
13-Sep-2018


ချီတာ-မော်စကို၊ စက်တင်ဘာ ၁၂ 

ရုရှားနိုင်ငံတွင် ဆိုဗီယက်ပြည်ထောင်စု ပြိုလဲသွားပြီးနောက်ပိုင်း အင်အားအကြီးမားဆုံးပုံစံဖြင့် ပြုလုပ်သော ဧရာမစစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်ကို ယမန်နေ့က စတင်ပြီး ဆိုက်ဘေးရီးယားဒေသ တစ်လျှောက်၌ တပ်ဖွဲ့ဝင်အင်အား ထောင်ပေါင်းမြောက်မြားစွာဖြင့် ပြုလုပ်ခဲ့ပြီး ယင်းစစ်ရေးလေ့ကျင့်မှုကြီးတွင် တရုတ်နိုင်ငံ၏ စစ်တပ်လည်းပူးပေါင်းပါဝင်ခဲ့ကြောင်း Time အွန်လိုင်းမဂ္ဂဇင်းက ရေးသားဖော်ပြသည်း။ 

ယခုလို တရုတ်နှင့် ရုရှားတို့ ပူးပေါင်းပြီး ဧရာမစစ်ရေးလေ့ကျင့်မှုပြုလုပ်ခြင်းသည် ဆက်ဆံရေးတင်းမာလျက်ရှိသော အမေရိကန်ပြည်ထောင်စု၏ အာဏာကို တန်ပြန်ချိန်ခွင်လျှာညှိခြင်းလည်းဖြစ်သည်ဟု သတင်းကဆိုသည်။ 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယင်းစစ်ရေးလေ့ကျင့်မှုသည် စစ်အေးခေတ်နောက်ပိုင်း အကြီးမားဆုံးဖြစ်ပြီး ဒဗော့စတော့ ၂၀၁၈ဒ ဟု အမည်ရကြောင်း ထုတ်ပြန်ထားသည်။ ယင်းစစ်ရေးလေ့ကျင့်မှုတွင် တရုတ်နိုင်ငံက တပ်ဖွဲ့ဝင်အင်အား ၃၂၀၀ နှင့်အတူ စစ်သုံးယာဉ်များ၊ စစ်လေယာဉ်များစေလွှတ်ကာ ပူးပေါင်းပါဝင်စေခဲ့သည်။ 

ထို့အတူ မွန်ဂိုလီးယားနိုင်ငံကလည်း တပ်ဖွဲ့အချို့စေလွှတ်ကာ ပူးပေါင်းပါဝင်ခဲ့သည်ဟုဆိုသည်။ 

တစ်ပတ်တာမျှ ကျင်းပပြုလုပ်မည့် အဆိုပါစစ်ရေးလေ့ကျင့်မှုသည် NATO စစ်အုပ်စုနှင့် ရုရှားတို့အကြား ဆက်ဆံရေးတင်းမာနေချိန်တွင် ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။ 

စစ်ရေးလေ့ကျင့်မှုစတင်ချိန်တွင် ရုရှားသမ္မတဗလာဒီမာပူတင်သည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ဗလာဒီဗော့စတော့မြို့တွင် တွေ့ဆုံကာ ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့သည်။ 

သမ္မတပူတင်က “ကျုပ်တို့တစ်တွေဟာ နိုင်ငံရေး၊ လုံခြုံရေး၊ ကာကွယ်ရေးစတဲ့နယ်ပယ်တွေမှာ ယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေးရှိထားပါတယ်” ဟု ပြောကြားသည်။ 

အဖွဲ့ဝင် ၂၉ နိုင်ငံပါဝင်ပြီး အမေရိကန်ပြည်ထောင်စု၏ ဩဇာလွှမ်းမိုးခြင်းခံရသော NATO စစ်အုပ်စုနှင့် ရုရှားနိုင်ငံ ဆက်ဆံရေးသည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ ယူကရိန်းဒေသကို ကရိုင်းမီးယားဒေသကို ရုရှားတို့ ကျူးကျော်သိမ်းပိုက်ခဲ့သည့် အချိန်မှစ၍ တင်းမာခဲ့သည်။ 

ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က ရုရှားနိုင်ငံအပေါ် ရန်စပြုမူလိုသည့်၊ မိတ်ဆွေကောင်းမဆန်သည့် သဘောထားများရှိလာသောကြောင့် ယခုလို စစ်ရေးလေ့ကျင့်ရခြင်းဖြစ်သည်ဟု ဆိုသည်။ 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ ဗော့စတော့ ၂၀၁၈ စစ်ရေးလေ့ကျင့်မှုကြီးတွင် ရုရှားတပ်ဖွဲ့ဝင် သုံးသိန်းနီးပါးခန့်ပါဝင်မည်ဖြစ်ကြောင်း၊ ထို့အတူ စစ်သုံးလေယာဉ် ၁၀၀၀ ခန့်၊ တင့်ကား ၃၆၀၀၀ ခန့်၊ အခြားစစ်သုံးယာဉ်များနှင့် စစ်သင်္ဘောအစီး ၈၀ ခန့် ပါဝင်မည်ဖြစ်ကြောင်းဖော်ပြသည်။ 

ကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူက “ဒါဟာ ၁၉၈၁ ခုနှစ်၊ စစ်အေးခေတ်ကာလ ဇာပတ်လို့အမည်ရတဲ့ လေ့ကျင့်မှုနောက်ပိုင်း အကြီးမားဆုံးလေ့ကျင့်မှုပဲဖြစ်ပါတယ်”ဟု ပြောကြားသည်။ ထို့ပြင် ရုရှားအပေါ် ဖိအားပေးမှုများပြုလုပ်လိုသည့် အမေရိကန်ပြည်ထောင်စုကို သတိပေးချက်အဖြစ် ယခုစစ်ရေးလေ့ကျင့်မှုပြုလုပ်ရခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ 

“ဒါဟာ အမေရိကန်တွေရဲ့ ရန်လိုတဲ့ ဦးတည်ချက်တွေကို ဟန့်တားလိုတဲ့သဘောနဲ့လုပ်တာပါ” ဟု ရုရှားစစ်တပ်မှ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ လီယိုနစ်အိုင်ဗန်ရှော့က ပြောကြားသည်။ Interfax သတင်းဌာနက ၎င်းကို ကိုးကားဖော်ပြရာတွင် စစ်ရေးလေ့ကျင့်မှုကြီးသည် အမေရိကန် ဒဏ်ခတ်အရေးယူမှုများကို တုံ့ပြန်ရန်ဖြစ်သည်ဟု ဆိုသည်။

F-01