News

POST TYPE

NEWS

ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာသုံးစွဲမှု လျှော့ချရန် ရုရှားနှင့်တရုတ် သဘောတူ
13-Sep-2018



မော်စကို၊ စက်တင်ဘာ ၁၂

အနောက်ကမ္ဘာနှင့် ဆက်ဆံရေးကျဆင်းလာချိန်တွင် အိမ်နီးချင်း ရုရှားနှင့် တရုတ်တို့သည် ကုန်သွယ်ရေးသဘောတူညီချက်များ၌ ၎င်းတို့ကိုယ်ပိုင်ငွေကြေးများသုံးစွဲရန် စီစဉ်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သတင်းထောက်များကို ပြောကြားခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။

ရုရှားနိုင်ငံ ဗလာဒီဗော့စတော့တွင် ကျင်းပသောအရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) တွင် တရုတ်သမ္မတရှီချင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပူတင်က“ ရုရှားနဲ့ တရုတ်နှစ်ဖက်စလုံးကအပြန်အလှန်ပေးချေမှုတွေမှာ နိုင်ငံ့ငွေကြေးတွေကို ပုံသုံးဖို့ အတည်ပြုခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။ 

ကိုယ်ပိုင်ငွေကြေးများ သုံးစွဲခြင်းဖြင့် ကမ္ဘာ့ဈေးကွက်များတွင် အန္တရာယ်အလားအလာများရှိနေချိန်တွင် သွင်းကုန်၊ ပို့ကုန် လုပ်ငန်းလည်ပတ်မှုနှင့် ပတ်သက်သောဘဏ်များ၏ ဝန်ဆောင်မှုပိုမိုတည်ငြိမ်စေမည်ဟု ပူတင်ကဆိုသည်။

၂၀၁၄ ခုနှစ်တွင် ယူကရိန်းလက်မှ ခရိုင်းမီးယားကို ပြန်သိမ်းခဲ့ပြီးနောက် ရုရှားသည် အနောက်ကမ္ဘာနှင့် ဆက်ဆံရေးကျဆင်းလာခဲ့ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် တရုတ်ကို ပိုမိုအားထားလာလျက်ရှိသည်။

တရုတ်သည်လည်း တောင်တရုတ်ပင်လယ်တွင် စစ်ပုံသွင်းတပ်ဖြန့်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်သည်၊ မမျှတသော ကုန်သွယ်ရေးလုပ်ထုံးများ ကျင့်သုံးနေသည်ဟု အနောက်ကမ္ဘာ၏ စွပ်စွဲခံနေရချိန်တွင် မဟာမိတ်ရှာဖွေလျက်ရှိသည်။

ရုရှားနှင့် တရုတ်တို့သည် ကုန်သွယ်ရေးကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ တိုက်ဖျက်ရန်၊ နိုင်ငံတကာပြဿနာများကို တစ်သားတည်းဖြေရှင်းရန်အတွက် အတူလက်တွဲဆောင်ရွက်ရမည်ဟု သမ္မတရှီက ပြောကြားခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် အရှေ့ဖျားဒေသတွင် ကုန်ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပိုင်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်၊ ရုရှား-တရုတ် ကုန်သွယ်ရေးတိုးမြှင့်ရန် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြသည်။

တစ်ချိန်တည်းတွင်ပင် ရုရှားသည် စစ်အေးခေတ်နောက်ပိုင်း အကြီးဆုံး စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်နေသည်။ The Vostok 2018 စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၁၇ ရက်နေ့အထိ လုပ်ဆောင်သွားမည်ဖြစ်ပြီး တရုတ်ပြည်သူ့တပ်မတော်ပါ ပူးပေါင်းပါဝင်လျက်ရှိသည်။

F-03