News

POST TYPE

NEWS

အလီဘာဘာဥက္ကဋ္ဌ ဂျက်မာ တစ်နှစ်အတွင်း ရာထူးမှ နားမည်ဖြစ်ပြီး စီအီးအိုဒန်နီယယ် ကျန်းထံ တာဝန်လွှဲမည်
12-Sep-2018


ပေကျင်း၊ စက်တင်ဘာ ၁၀

တရုတ်အကြီးဆုံး အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း အလီဘာဘာ လုပ်ငန်းစုဦးပိုင်လီမိတက် ထူထောင်သူဂျက်မာသည် ပရဟိတနှင့် ပညာရေးနယ်ပယ်တွင် အာရုံစိုက်နိုင်ရန် ဥက္ကဋ္ဌရာထူးမှ တစ်နှစ်အတွင်း အနားယူမည်ဖြစ်ပြီးယုံကြည်ရသော လက်ရုန်းတစ်ဆူဖြစ်သည့် ဒန်နီယယ်ကျန်းကို တာဝန်လွှဲသွားမည်ဖြစ်သည်ဟု Reuters သတင်းဌာနက ဖော်ပြထားသည်။

ဂျက်မာသည် အသက် ၅၄ နှစ်ပြည့်သည့် စက်တင်ဘာလ ၁၀ ရက်နေ့တွင်ပင် ရာထူးမှ အနားယူမည်ဟု နယူးယောက်တိုင်းမ်သတင်းစာက အစောပိုင်းတွင် ဖော်ပြခဲ့သော်လည်း ထိုသတင်းအတိုင်းဖြစ်မလာခဲ့ဘဲ တစ်နှစ်အတွင်း အနားယူတော့မည်ဟုသာ ကြေညာခဲ့ခြင်းဖြစ်သည်။

မာသည် အနားယူရန် အစီအစဉ်များ ယခင်ကတည်းက ပြင်ဆင်နေခဲ့ခြင်းဖြစ်ပြီး အလီဘာဘာ၏ စီမံခန့်ခွဲရေးတွင် လူငယ်များ အများအပြား ပါဝင်သင့်သည်ဟု ပြောခဲ့ဖူးသလို သူအနားယူရုံဖြင့် ကုမ္ပဏီလည်ပတ်မှု မထိခိုက်စေရဟုလည်း ပြောခဲ့ဖူးသည်။

သို့သော်လည်း အင်အားကြီးပြီး ပြုပြင်ပြောင်းလဲတိုးတက်လျက်ရှိသော နည်းပညာကုမ္ပဏီကြီးတစ်ခု၏ ထူထောင်သူတစ်ဦးအနေနှင့် ယခုကဲ့သို့ အချိန်စောအနားယူခြင်းမှာ အလွန်ရှားပါးပြီး ဂျက်မာကဲ့သို့ ပုဂ္ဂိုလ်ရေးကိုးကွယ်ခံရသူတစ်ဦး အနေနှင့်ဆိုလျှင်ရှာမှ ရှားသည့်ဖြစ်စဉ်ဖြစ်သည်။

“ဒီလိုလုပ်နိုင်တာ ဘီလ်ဂိတ်ပဲရှိတယ်။ ကမ္ဘာမှာဘယ်နည်းပညာကုမ္ပဏီကြီး ထူထောင်သူမှ ဒီလိုထိပ်ဆုံးရောက်ချိန်မှာ အနားမယူနိုင်ဘူး”ဟု တရုတ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်း နှစ်စဉ်ထုတ်ပြန်သည့် Hurun Report ထူထောင်သူ ရူးပတ်ဟော့ဂ်ဝက်ဖ်က ပြောကြားခဲ့သည်။

တရုတ်ပြည်တွင် မာ၏ ပုံရိပ်မှာ အခြားသူများနှင့် လုံးဝမတူဘဲ၊ ရုပ်ရှင်သရုပ်ဆောင်မှသည် ဘီလျံနာများအထိ မိတ်ဆွေများစွာရှိသူတစ်ဦးဖြစ်သလို ထိုသူအားလုံးထက်လည်း ပိုမိုထင်ရှားသူဖြစ်သည်ဟု ဟော့ဂ်ဝက်ဖ်က သုံးသပ်သည်။ “သူက တကယ့်ပုဂ္ဂိုလ်ပါ။ တခြားသူတွေ ကိုစုရုံးနိုင်တဲ့သူမျိုးပါ” ဟု ဟော့ဂ်ဝက်ဖ်က ဆိုသည်။

ရက်စွဲအတိအကျအနေနှင့် မာသည် နောက်တစ်နှစ်ပြည့်သည့် ၂၀၁၉ စက်တင် ဘာလ ၁၀ ရက်နေ့တွင် ဥက္ကဋ္ဌရာထူးကို စွန့်လွှတ်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ကုမ္ပဏီ နှစ်ပတ်လည် အစည်းအဝေးအပြီးတွင် အလီဘာဘာ ဒါရိုက်တာဘုတ်အဖွဲ့၌ သူ၏ ဒါရိုက်တာသက်တမ်းပြည့်မည်ဖြစ်သည်။ မာသည် ၂၀၁၃ ကတည်းက အမှုဆောင် အရာရှိချုပ် CEO ရာထူးမှ အနားယူခဲ့သည်။

၂၀၁၅ နောက်ပိုင်းအလီဘာဘာ၏ စီအီးအိုဖြစ်လာသူ ဒန်နီယယ်ကျန်းသည် အသက် ၄၆ နှစ်သာ ရှိသေးသူဖြစ်သည်။ အလီဘာဘာ၏ “တစ်ကိုယ်ရေသမား များနေ့” အွန်လိုင်းရှော့ပင်းပွဲတော်ကို စီစဉ်သူအဖြစ် ထင်ရှားသူဖြစ်သည်။ တရုတ်ပြည်တွင် “တစ်ကိုယ်ရေသမားများနေ့” အဖြစ် ထင်ရှားသော နိုဝင်ဘာလ ၁၁ ရက်နေ့ကို အွန်လိုင်းအရောင်းမြှင့်တင်ရေးပွဲတော်အဖြစ် ဖန်တီးခဲ့ရာကမ္ဘာတွင် အကြီးဆုံးအရောင်းရဆုံး အွန်လိုင်းဈေးဝယ်နေ့အဖြစ်ပါ စံချိန်တင်ရန် ကြိုးပမ်းခဲ့ရာတွင် ကျန်းသည် အဓိကနေရာမှ ပါဝင်ခဲ့သူ ဖြစ်သည်။

F-03