News

POST TYPE

NEWS

အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ဆိုက်ရောက်၊ ထွက်ခွာပုံစံ ဖြည့်သွင်းမှု ယနေ့မှစ၍ ပယ်ဖျက်
12-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၁၁

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ ပိုမိုဝင်ရောက်ရန်နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန် လေဆိပ်များတွင် ခရီးသည်များ၏ ဆိုက်ရောက်။ထွက်ခွာဖောင်ပုံစံ ဖြည့်သွင်းရသည့်စနစ်ကို ယနေ့ (စက်တင်ဘာလ ၁၂ ရက်) မှစ၍ ပယ်ဖျက်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည်။

“ညွန်ကြားစာတော့ရပြီ။ အရင်ကတော့ လေယာဉ်ပေါ်မှာ Arrival ကတ်တို့ Departure ကတ်တို့ကို ဝေရတာရှိတယ်။ အခုက အဲ့ဒီလုပ်ငန်းစဉ်လျော့သွားတယ်။ ကျန်တာကတော့ လေကြောင်းလိုင်းတွေအနေနဲ့ Check in ဝင်ပြီးတာနဲ့ ဧည့်သည်စာရင်းကို ဌာနကို ပို့ရတာပဲ ရှိတော့မယ်”ဟု MAI လေကြောင်းလိုင်းမှ Head of Marketing & Public Relations ဒေါ်အေးမရသာက ဆိုသည်။

ဆိုက်ရောက်၊ ထွက်ခွာဖောင်ပုံစံသည် မြန်မာနိုင်ငံကို ဝင်ရောက်လာသည့် ပြည်တွင်း၊ ပြည်ပခရီးသည်များ၏ ကိုယ်ရေးအချက်အလက်နှင့် ခရီးသွားမှတ်တမ်းများကို လူဝင်မှုကြီးကြပ်ရေးဌာနထံ ဖြည့်သွင်းရသည့်ပုံစံဖြစ်သည်။

အဆိုပါစနစ်အား ပယ်ဖျက်လိုက်သည့်အတွက် လေကြောင်းလုပ်ငန်းများအနေနှင့် လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အချိန်ကြန့်ကြာမှုတစ်ခု လျော့နည်းသွားမည်ဖြစ်ကြောင်း ဒေါ်အေးမရသာက မှတ်ချက်ပြုသည်။

“ဒီအတိုင်းဆိုရင် နိုင်ငံခြားသားရော၊ ပြည်တွင်းရော ဖောင်ဖြည့်စရာမလိုတဲ့ သဘောပါ။ ခရီးသွားလုပ်ငန်းတိုးတက်ဖို့အတွက် မလိုအပ်တာကို ပယ်ဖျက်ဖို့ လိုတယ်။ ခုလိုထုတ်ပြန်တာ ကောင်းပါတယ်”ဟု ဂျပန်ဘာသာဖြင့် ဧည့်လမ်းညွှန်လုပ်ကိုင်သူတစ်ဦးက ဆိုသည်။

လေကြောင်းလိုင်းများအနေနှင့် ခရီးသည်များ၏ ဆိုက်ရောက်/ထွက်ခွာ ဖောင်ပုံစံဖြည့်သွင်းရသည့်စနစ်ကို ကင်းလွတ်ထားသဖြင့် လေကြောင်းလိုင်းများမှ ပေးပို့သည့်ခရီးသည်စာရင်းနှင့် အမှန်တကယ် မြေပြင်တွင်ရှိသော ဝင်ရောက်/ထွက်ခွာ စာရင်းတို့ကို တာဝန်ယူရမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

လေဆိပ်များတွင် ခရီးသည်များ၏ ဆိုက်ရောက်/ထွက်ခွာ ဖောင်ပုံစံဖြည့်သွင်းရသည့်စနစ်ကို ပယ်ဖျက်ရန်အတွက် ဌာနတွင်း သဘောထားမှတ်ချက်တောင်းခံမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ အဆင့်မြင့်အရာထမ်းတစ်ဦးက ဆိုသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုတိုးစေရန် တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်နှင့် ဆိုက်ရောက် ဗီဇာထုတ်ပေးရာတွင် လိုအပ်ချက်ဖြစ်သည့် Show Money ဒေါ်လာတစ်ထောင်ပြရန် သတ်မှတ်ထားမှု၊ အသွားအပြန် လက်မှတ်ပြရခြင်းများကိုလည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပယ်ဖျက်ကြောင်း ထုတ်ပြန်ထားသည်။ 

J-14


  • VIA