News

POST TYPE

NEWS

ချောင်းဦးတွင် အမျိုးသားတစ်ဦးကို ရွာသားများက ဖမ်းဆီးရိုက်နှက်ကာ မီးရှို့သတ်
12-Sep-2018


မုံရွာ၊ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မကျီးခွအုပ်စု၊ မင်းတည်ကျေးရွာတွင် စက်တင်ဘာလ ၁၀ ရက်နေ့ ည ၇ နာရီခန့်က လူစိမ်းအမျိုးသားတစ်ဦးကို ရွာမှလူများကဝိုင်းဖမ်းကာ ရိုက်နှက်မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနေ့က အဆိုပါကျေးရွာရှိ နေအိမ်တစ်အိမ်မှ ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဈေးဝယ်ရာမှပြန်လာရာတွင် ၎င်းအိမ်အနီး၌ အမည်မသိ လူစိမ်း အမျိုးသားတစ်ဦးကို တွေ့မြင်ခဲ့ပြီး အော်ဟစ်ခဲ့ရာမှ ရွာသားများက ဝိုင်းဝန်းဖမ်းဆီးရိုက်နှက်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကျေးရွာသို့ရောက်ရှိနေသည့် စစ်ဆေးရေးအဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“တစ်ခုခုလုပ်တယ်ဆိုပြီး ဝိုင်းဖမ်းပြီးတော့ သတ်လို့မရဘူး။ ဒီလူက ပြစ်မှုကျူးလွန်ထားတယ်ဆိုဦးတောင်မှ သတ်လို့မရဘူး။ ကျူးလွန်တယ်ဆိုတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ ရွာသားတွေက ဘာမှမေးလို့မရဘူး”ဟု ရဲအရာရှိတစ်ဦးကဆိုသည်။

အဆိုပါဖြစ်စဉ်မှာ မင်းတည်ကျေးရွာ၏ အစွန်ဘက်နေအိမ်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းအနီးအနားသုသာန်၌ပင် အဆိုပါအမျိုးသားကို မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့တွင် အဆိုပါကျေးရွာသို့ ခရိုင်ရဲမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ ကျော်ရောက်ရှိကာ ရဲတပ်ဖွဲ့က ၎င်းတို့ရရှိထားသည့် ဗီဒီယိုဖိုင်များအရ ဖြစ်စဉ်အတွင်း ကျူးလွန်သူ မည်မျှပါဝင်ပတ်သက်ခဲ့သည်ကို သိရှိနိုင်ရန် ဒေသခံရွာသားများကို စစ်ဆေးလျက်ရှိသည်။

သတ်ဖြတ်ခံရသည့် အမျိုးသားသည် ယင်းကျေးရွာဒေသခံမဟုတ်ကြောင်း ရဲတပ်ဖွဲ့၏စစ်ဆေးချက်များအရ သိရသည်။

သေဆုံးသူ၏ အသက်အရွယ်ကို မသိရှိရသေးပေ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်မှု၊ အလောင်းဖျောက်မှုတို့ဖြင့် ချောင်းဦး မြို့မစခန်းတွင်(ပ)၂၁၅ / ၂၀၁၈ ရာဇသတ်ကြီး ၃၀၂၊ ၂၀၁၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများကို စုံစမ်းလျက်ရှိသည်။

R-08


  • VIA