News

POST TYPE

NEWS

လစာငွေပိုထုတ်သည့် ပညာရေးဝန်ထမ်းများကို အရေးယူထားဟုဆို
11-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁၁

လစာငွေပိုထုတ်သော အခြေခံပညာရေးဝန်ထမ်းများကို ရာထူးလျှော့ခြင်းနှင့် ပြောင်းရွေ့ခြင်းဖြင့် အရေးယူခဲ့ကြောင်း စက်တင်ဘာ ၁၀ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတင်ပြစဉ် ပညာရေးဝန်ကြီးက ပြောကြားခဲ့သည်။

အခြေခံပညာဦးစီးဌာနအောက်တွင် ငွေကျပ် ၃၆ သန်းကျော် ပိုထုတ်ယူမှုဖြင့် မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်ပညာရေးမှူးနှင့် လက်ထောက်မြို့နယ်ပညာရေးမှူးတို့ကို တစ်ဆင့်နိမ့်ရာထူးလျှော့ချ၍ ဒေသပြောင်းရွှေ့ခြင်း၊ ယင်းပညာရေးမှှူးရုံးမှ ငွေစာရင်းကိုင်(၂) ကို ရာထူးမှထုတ်ပယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

အထက်ပါအမှုများအပြင် လစာငွေ ၄ သန်းနီးပါး ပိုမိုထုတ်ယူမှုဖြင့် နေပြည်တော်ကောင်စီ၊ လယ်ဝေးမြို့နယ်ပညာရေးမှူးကို တစ်ဆင့်နိမ့်ရာထူးသို့ ပြောင်းရွှေ့ခန့်ထားခြင်း၊ ဒုတိယမြို့နယ်ပညာရေးမှူးကို ဒေသပြောင်းရွှေ့ခြင်း၊ စာရေး (၃) ရာထူးရှိသူကို တစ်ဆင့်နိမ့်ရာထူးသို့ ဒေသပြောင်းရွှေ့ခန့်ထားရန် စီစဉ်ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ယခုလို ပြောင်းရွှေ့ခြင်းနှင့် တစ်ဆင့်နိမ့် ရာထူးကို ဆောင်ရွက်ရခြင်းကတော့ ပိုထုတ်တဲ့လစာတွေကို ပြန်သွင်းပြီးတဲ့အတွက်ကြောင့် ကျွန်တော်တို့ ဒီပြစ်ဒဏ်တွေပဲ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်”ဟု ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

ပိုထုတ်သည့်ငွေကြေးကို ပြန်သွင်းရသေးခြင်းမရှိသည့် ငါးဇွန်မြို့နယ်ပညာရေးမှူးရုံး၏ ငွေကြေးမသမာမှုကိုမူ ငွေကြေးများ ပြန်လည်ရရှိအောင် ဆောင်ရွက်နေပြီး အဆိုပါ အရေးယူမှုများကို လုပ်ထုံးလုပ်နည်းအတိုင်း ဌာနဆိုင်ရာ စုံစမ်းစစ်ဆေး၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

J-19