POST TYPE
NEWS
ဗီယက်နမ်ငါးပြေမမျိုး စမ်းသပ်သားဖောက်ရန် စီစဉ်
11-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁၀
ပြည်တွင်းတွင် ငါးပြေမမျိုးများကို ကျယ်ကျယ်ပြန့်ပြန့်မွေးမြူလာပြီး ဈေးကောင်းရရှိသည့်အတွက် ဈေးကွက်ဝင် ဗီယက်နမ်ငါးပြေမမျိုးကို စမ်းသပ်သားဖောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
လက်ရှိတွင် ငါးလုပ်ငန်းဦးစီးဌာန၏ လှော်ကားငါးလုပ်ငန်းစခန်းနှင့် ဆားမလောက်ငါးလုပ်ငန်းစခန်းတို့တွင် ထိုင်းနိုင်ငံမှ ငါးပြေမမျိုးများကို သားဖောက်၍ ဖြန့်ဖြူးပေးလျက်ရှိပြီး ထိုင်းနိုင်ငံ တရားဝင်လမ်းကြောင်းမှ တစ်ဆင့်လည်း အေးခဲငါးပြေမများ ဝင်ရောက်လျက်ရှိကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။
“ငါးပြေမကို ဆက်တိုက်ဖောက်ပြီး ဖြန့်ပေးနေတာ။ ဒါပေမဲ့ ထိုင်းငါးပြေမအနေနဲ့ပဲ ဖြစ်တဲ့အတွက် ဗီယက်နမ်ငါးပြေမကို စမ်းသပ်သားဖောက်ဖို့ စီစဉ်နေတယ်။ ဒီမှာပဲမွေးပြီး ဖြန့်တဲ့ငါးပြေမဆို တစ်ပိဿာ ကျပ် ၅၀၀၀ ရတယ်။ ရပ်ကွက်ထဲမှာဆို ၇၀၀၀၊ ၈၀၀၀ ရောင်းနေကြတာ”ဟု ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက ပြောကြားသည်။
ထိုင်းနိုင်ငံမှဝင်ရောက်သည့် အေးခဲ ငါးပြေမ တစ်ပိဿာလျှင် ကျပ် ၃၀၀၀ မှ ၃၅၀၀ အထိသာဈေးရရှိပြီး မြန်မာနိုင်ငံအတွင်း သားဖောက်မွေးမြူသည့် ငါးပြေမ အရှင်တစ်ပိဿာလျှင် ကျပ် ၅၀၀၀ အထိ ဈေးရရှိကြောင်း မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။
“ဒီနှစ်ထဲမှာ အထူးခြားဆုံးမွေးမြူ ရေးငါးအနေနဲ့ ငါးပြေမက ဈေးကွက်ထဲကို ဝင်လာပါတယ်။ သားလည်းဖောက်တယ်။ တစ်နိုင်ငံလုံးကိုလည်း ရောင်းပေးနေတယ်။ အရင်က အင်း၊ အိုင်ထဲကရမှ စားရတာ။ အခုက မွေးမြူရေးအောင်မြင်တဲ့ငါးဖြစ်နေပြီ”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။
ငါးပြေမမွေးမြူပါက သုံးလခန့်သာ မွေးမြူရပြီး မွေးမြူရသည့်ကာလတိုတောင်းသည့်အပြင် သားဖောက်မှုအောင်မြင်သောကြောင့် မွေးမြူရေးသမားများအနေနှင့် ငါးပြေမကို ပိုမိုမွေးမြူလာကြခြင်းဖြစ်ပြီး ငါးပြေမကို ပြည်တွင်းတွင်သာ အများဆုံးစားသုံးကာ ပြည်ပတင်ပို့မှုမရှိသေးကြောင်း မွေးမြူရေးလုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောဆိုသည်။
“သုံးလလောက်မွေးတာနဲ့ ဈေးကွက်ကိုရောက်တဲ့အတွက် မွေးတဲ့သူတွေ ပိုစိတ်ဝင်စားကြတာပါတယ်။ မြန်မာငါးပြေမနဲ့ ဗီယက်နမ်ငါးပြေမက အရသာတူတယ်။ ထိုင်းနဲ့က အရသာကွဲတယ်။ ဒီနိုင်ငံက ထိုင်းကငါးပြေမအရသာကို သိပ်မကြိုက်ကြဘူး”ဟု ၎င်းက ဆိုသည်။
J-11
- VIA
- Thura Htun
- SOURCES
- The Voice
-
15-Feb-2019
-
15-Feb-2019
-
15-Feb-2019
-
15-Feb-2019
-
15-Feb-2019
-
15-Feb-2019