News

POST TYPE

NEWS

မီးဖိုချောင်သုံးဂက်စ် ဈေးတက်
10-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၁၀

အမေရိကန်ဒေါ်လာ ဈေးတက်ခြင်းနှင့် ထိုင်းနိုင်ငံမှ ဂက်စ်အဝင်နည်းမှုကြောင့် မီးဖိုချောင်သုံး ဂက်စ်ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာကြောင်း မီးဖိုချောင်သုံးဂက်စ် အိုးရောင်းဝယ်ရေးဆိုင်များထံမှ သိရသည်။

အောက်တိုဘာလမှစတင်ကာ မီးဖိုချောင်သုံးဂက်စ်ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာခဲ့ပြီး ယခုအခါတွင် ဂက်စ်တစ်ပိဿာလျှင် ကျပ် ၂၈၀၀ မှ ၃၀၀၀ အထိရှိကာ ယခင်ကထက် ဂက်စ် တစ်ပိဿာကို ကျပ် ၇၀၀ ခန့် ဈေးတက်လာကြောင်း ယင်းဆိုင်များထံမှ သိရသည်။

“အဓိကက ငွေဈေးတက်နေတာရော၊ ရေကြီးလို့ လမ်းပန်းအခက်အခဲကြောင့် ထိုင်းဘက်က အဝင်နည်းလာလို့ ဈေးတက်နေတာ”ဟု ကိုမျိုးဝင်း ဂက်စ်အိုးနှင့် အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်မှ ဆိုင်ပိုင်ရှင် ဦးမျိုးဝင်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်တွင်းမီးဖို ချောင်သုံးဂက်စ်ဈေးကွက်အတွင်းသို့ ထိုင်းနိုင်ငံဘက်မှ အဝင်နည်းနေသော်လည်း ပြည်တွင်းကုမ္ပဏီအချို့၏ ပင်လယ်ရေကြောင်းမှ ဂက်စ်တင်သွင်းမှုရှိနေကြောင်း City Gas ဆိုင်ပိုင်ရှင် ဦးဇာနည်က ပြောဆိုသည်။

“ဈေးကွက်ထဲမှာ ပြည်တွင်းကုမ္ပဏီတွေကသွင်းတဲ့ ဂက်စ်တွေရှိနေလို့။ အရင်ကလို ထိုင်းဘက်က တစ်ခုတည်းသာဆိုရင် ပစ္စည်းပြတ်လပ်လို့ ဈေးအများကြီး တက်နိုင်တယ်။ အခုက ငွေဈေးကစားနေကြလို့ ဈေးတက်တာ”ဟု ၎င်းကရှင်းပြသည်။

မိသားစုငါးယောက်ရှိ အိမ်ထောင်စုတစ်စု တစ်လအသုံးပြုနိုင်သော 15 kg ဂက်စ်အိုးတစ်လုံး ဖြည့်တင်းခသည် ယခင်က ကျပ်နှစ်သောင်းဝန်းကျင်သာရှိသော်လည်း လက်ရှိအချိန်တွင် ကျပ်နှစ်သောင်း ငါးထောင်ကျော်သို့ ဈေးတက်လျက်ရှိသည်။

J-01