News

POST TYPE

NEWS

ပူတာအိုတွင် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ရေကြီးရေလျှံ
10-Sep-2018

ကလေး၊ စက်တင်ဘာ ၁၀ 

မြန်မာပြည် မြောက်ပိုင်းစွန်းဒေသ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၌ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လူနေအိမ် တစ်ထောင်ကျော် ရေဝင်နစ်မြုပ်ခဲ့ကြောင်း ပူတာအိုမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးယောစီက ပြောကြားသည်။ 

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၈ ရက်နေ့ ည ၈ နာရီခန့်မှစ၍ ပူတာအိုမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့် ပါဒိတ်ချောင်း၊ ဆန်ဂေါင်ချောင်းနှင့် နန်မလတ်ချောင်းရေ မြင့်တက်လာကာ ပူတာအိုမြို့နယ် မြောက်ဘက်ပိုင်းဒေသမှ ကျေးရွာ ၁၀ ရွာကျော်ရှိ လူနေအိမ်တစ်ထောင်ကျော်မှာ နေအိမ်များအောက်ထပ်တွင် ရေများဝင်ရောက်ခဲ့သည့်အပြင် ချောင်းကမ်းပါးဘေးရှိ နေအိမ်များမှာလည်း ရေနှင့်မျောပါပျက်စီးခဲ့ကြောင်း ၎င်းက အတည်ပြုပြောဆိုသည်။ 

ထို့ပြင် စိုက်ပျိုးပြီး လယ်ယာမြေများအတွင်း ကျောက်ခဲများနှင့် သစ်တုံးအပိုင်းအစ အများအပြား ဝင်ရောက်ခဲ့သဖြင့် လယ်ယာမြေများ ပျက်စီးမှုရှိခဲ့ပြီး လူများ စားသုံးရန် နေအိမ်များတွင် သိုလှောင်ထားသည့် ဆန်၊ စပါးများလည်း ပျက်စီးဆုံးရှုံးခဲ့ကာ မွေးမြူထားသည့် အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးမှုရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“အခုအဲဒီရွာတွေကို ဖောင်နဲ့သွားရတယ်။ လူတွေကတော့ နီးစပ်ရာ ဆွေမျိုးတွေအိမ်မှာ နေထိုင်နေကြတယ်။ ပူတာအိုမှာ ဒီလောက်ရေကြီးတာ ဒီနှစ်တော့ အဆိုးဆုံးပဲ။ ဒီလောက်ကြီးတာ ဒါပထမဆုံးပဲ”ဟု အသက် ၇၀ အရွယ် လွှတ်တော်ကိုယ်စားလှယ် ဦးယောစီက ပြောဆိုသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းက ကချင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးခဲ့ပြီး စက်တင်ဘာ လ ၉ ရက်နေ့ တိုင်းထွာချက်များအရ ပူတာအိုမြို့တွင် မိုးရေချိန်မှာ ၄ ဒသမ ဝ၁ လက်မရရှိခဲ့ပြီး၊ မြစ်ဆုံတွင် မိုးရေချိန် ၁ ဒသမ ၈၅ လက်မနှင့် မိုးကောင်းမြို့တွင် မိုးရေချိန် ၁ ဒသမ ၅၇ လက်မရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ 

“မုတ်သုံလေဆုတ်ခွာခါနီးအချိန်ဖြစ်တော့ မိုးတိမ်တောင်ကြီးတွေဖြစ်ပေါ်ပြီး မိုးသည်းထန်မိုးကြီးခဲ့တာပါ”ဟု အဆိုပါ ဌာနညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပူတာအိုမြို့တွင် ယခုကဲ့သို့ ရေကြီးရေလျှံမှုများဖြစ်ပေါ်ရခြင်းနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောဆိုသည်။ 

ပူတာအိုမြို့နယ်အတွင်း မိုးသည်းထန်ပြီး တောင်ကျချောင်းရေ ရုတ်တရက် ကျဆင်းလာခြင်းကြောင့် ချောင်းများကိုဖြတ်ပြီး ဖောက်လုပ်ထားသည့် ကြိုးတံတားနှင့် သစ်သားတံတားများ စုစုပေါင်း တံတား ၅ စင်းမှာလည်းပျက်စီးခဲ့ပြီး တစ်ရွာနှင့်တစ်ရွာ ဆက်သွယ်သွားလာသည့် လမ်းများလည်း ပျက်စီးခဲ့ကြောင်း၊ စက်တင်ဘာလ ၁၀ ရက်နေ့ ချောင်းရေကျဆင်းသည့်အချိန်တွင် လမ်းပြုပြင်မှုများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း မန်စေအုပ်စု၊ ဝါးခီကျေးရွာမှ ကလေးနှစ်ဦးနှင့် မူလာရှီးဒီကျေးရွာမှ ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး စုစုပေါင်းသုံးဦးမှာ ရေထဲမျောပါကာ သေဆုံးခဲ့သည်ဟု ဒေသခံများ၏အဆိုအရ သိရသော်လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနတာဝန်ရှိသူများကမူ သေဆုံးသူမရှိဟုသာ အတည်ပြုပြောဆိုထားသည်။ 

“အခု ရေပြန်ကျနေပါပြီ။ ထောက်ပံ့မှုတွေလုပ်ဖို့ စာရင်းလိုက်ကောက်နေပါတယ်”ဟု ပူတာအိုမြို့နယ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ဦးစီးမှူး ဦးနေအောင်က ပြောဆိုသည်။

R-20