News

POST TYPE

NEWS

ကော့သောင်းတွင် WY အကြွေးစာရင်း အိမ်နံရံတွင် ကပ်ထားသည့် မူးယစ်ဆေးရောင်းသူကို ဖမ်းမိ
10-Sep-2018
ကော့သောင်း၊ စက်တင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုး ကျေးရွာတွင် နေအိမ်အတွင်း မူးယစ်ဆေးဝါး အကြွေးစာရင်းနှင့်အတူ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတစ်ဦးနှင့် ကွင်းဆက် တရားခံ ၄ ဦးကို စက်တင်ဘာ ၇ ရက်က မူးယစ်အထူးအဖွဲ့မှ  ဖမ်းဆီးလိုက်သည်။

အကြွေးစာရင်းစာရွက်ပါ အမျိုးသားနှစ်ဦးနှင့်အတူ တစ်ခြားကွင်းဆက် တရားခံ ၂ ဦး စုစုပေါင်း ၅ ဦး ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်း မြို့မရဲစခန်းမှသိရသည်။

အကြွေးစာရင်းစာရွက်ရှိ အမည်စားရင်းပါ  အသက် ၃၆ နှစ်အရွယ် အမျိုးသားထံမှ WY ဆေးပြား ၁၄၇ ပြား၊ ဘိန်းစာမုန့် ၅၀ ဂရမ်၊ ဆေးရှူကိရိယာများနှင့်အတူ ဆိုင်ကယ်တစ်စီး သိမ်းဆည်းခဲ့ပြီး အသက် ၂၂ နှစ် အရွယ် အမျိုးသားထံမှ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိခြင်းမရှိဟု သိရသည်။

တခြားကွင်းဆက်တရားခံများဖြစ်သည့် အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား ၄၂ ပြား၊ နောက်တစ်ဦးထံမှ ဆေးပြား ၈ ပြားတို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။

အကြွေးမရောင်းပါ ဆိုင်းဘုတ်ရှိ နေအိမ်တွင်  WY စာတမ်းပါ စိတ်ကြွဆေးပြား ၁၅၃ ပြား ၊ ဆေးရှူကိရိယာ၊ ကော်ဗူး၊ ကား ၂ စီး ၊ ဆိုင်ကယ် ၃ စီး ၊ လက်ကိုင်ဖုန်း ၊ ငွေကျပ် သိန်း ၈၀ တို့နှင့်အတူ ဆေးပြားအကြွေးစာရင်း ဆိုင်းဘုတ်တစ်ခုကို သိမ်းဆီးရမိခဲ့ကြောင်း အထက်ပါ ရဲစခန်းထံမှသိရသည်။

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိခဲ့သည့် ၎င်းတို့ ၅ဦးကို မူးယစ်ဆေးဝါး ဥပဒေပုဒ်မများဖြင့် အရေးယူနိုင်ရန် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

Dawei Watch


  • VIA