News

POST TYPE

NEWS

စည်းကမ်းချက်အသစ်ကြောင့် ကင်းမွန်လှေပိုင်ရှင်များ အခက်ကြုံ
10-Sep-2018


မြိတ်၊ စက်တင်ဘာ ၉

၂၀၁၈-၂၀၁၉ ငါးဖမ်းရာသီအတွက် ကင်းမွန်လှေလုပ်ငန်းများအား လိုင်စင်ထုတ်ပေးရာတွင် အသစ်ချမှတ်လိုက်သည့် စည်းကမ်းချက်ကြောင့် လှေရှင်များ အခက်ကြုံနေရကြောင်း မြိတ်ခရိုင် ကင်းမွန်လှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

လိုင်စင်လျှောက်မည့် ကမ်းနီးကင်း မွန်လှေများအတွက် ဒိုင်နမို ၃ ကီလိုဝပ်မှ ၅ ကီလိုဝပ်အထိသာ ခွင့်ပြုမည်ဖြစ်ပြီး ကမ်းဝေးကင်းမွန်လှေများအတွက်မူ ဒိုင်နမို ၄၀ ကီလိုဝပ်ထက်မပိုသည့် မီးအားကိုသာ အသုံးပြုရန် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယင်းစည်းကမ်းချက်များကို ငါးလုပ်ငန်းဦးစီးဌာန ရုံးချုပ်မှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက စက်တင်ဘာလ ၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ကင်းမွန်ဖမ်းရာသီစချိန်တွင် ယင်းညွှန်ကြားချက် ရုတ်တရက်ထွက်လာခြင်းက ကင်းမွန်ဖမ်းဆီးသည့် လှေပိုင်ရှင်များအနေနှင့် ချက်ချင်းပြန်လည်ပြင်ဆင်ရန် အခက်တွေ့နေကြောင်း မြိတ်ခရိုင် ကင်းမွန်လှေလုပ်ငန်းရှင်များအသင်း၏ တွဲဖက်အတွင်းရေးမှူး ဦးဌေးလှိုင်က ပြောသည်။

“ဂယက်အရိုက်ဆုံးကတော့ မိသားစု တစ်နိုင်တစ်ပိုင်လုပ်တဲ့ ကမ်းနီး လှေငယ်တွေပဲ”ဟု ဦးဌေးလှိုင်က ပြောသည်။

ကမ်းဝေးလှေများမှာ ယခင်က ဒိုင်နမို ကီလို ၄၀ နှင့် ၁၀၀ အကြား တပ်ဆင်ဖမ်းဆီးကြပြီး ကမ်းနီးလှေငယ်များမှာမူ ၁၅ ကီလိုမှ ကီလို ၂၀ ကြား ဖမ်းဆီးကြ၍ ကမ်းဝေးလှေများနှင့် နှိုင်းယှဉ်ပါက ကမ်းနီးလှေငယ်များက ပို၍အခက်အခဲတွေ့နေရကြောင်း ၎င်းက ရှင်းပြသည်။

“ဒိုင်နမိုပြန်ချိန်း မီးတွေပြန်တပ်ဆင်ဖို့ သူတို့မှာ ငွေကြေးအခက်အခဲရှိသလို ခွင့်ပြုထားတဲ့ မီးအားနဲ့လည်း ဘယ်လိုမှ အဆင်မပြေနိုင်ဘူး”ဟု ဦးဌေးလှိုင်က ဆိုသည်။

ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် တွေ့ဆုံကာ တင်ပြဆွေးနွေးသွားရန်ရှိကြောင်း ၎င်းက ပြောသည်။

ကမ်းနီးလှေများအတွက် သတ်မှတ်လိုက်သည့် အများဆုံး ဒိုင်နမို ၅ ကီလိုဝပ်မှာ ပင်လယ်ပြင်၌ အလုပ်လုပ်၍ မရသည့်အတွက် အလုပ်ရပ်နားခိုင်းလိုက်သည့် သဘောသက်ရောက်နေကြောင်း မြိတ်မြို့ မြို့သစ်ရပ်နေ တစ်နိုင်တစ်ပိုင် ကင်းမွန်လုပ်သည့် လှေပိုင်ရှင်ကိုနိုင်က ပြောသည်။

“ငါးကီလိုဆိုတာက ဝါတန်းမှာမှာထွန်းတဲ့ မီးနှစ်လုံးစာပဲရှိတယ်။ တစ်ညလုံးထွန်းလို့ ကင်းမွန်တစ်ဗန်းရရင် ကံကောင်းတယ်”ဟု ကိုနိုင်က ဆိုသည်။

ကမ်းဝေးအား ၄၀ ကီလို ခွင့်ပြုပေးလျှင် ကမ်းနီးလှေငယ်များကိုလည်း ကီလို ၂၀ သတ်မှတ်ပေးစေလိုကြောင်း ၎င်းက ပြောသည်။

ယင်းကိစ္စနှင်ပတ်သက်၍ မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကမူ ၎င်းတို့တွင် စည်းကမ်းသတ်မှတ်ချက်ကို ပြင်ဆင်ဖြေလျှော့ပိုင်ခွင့်မရှိဟု ဆိုသည်။

“ကျွန်တော်တို့က ညွန်ကြားချက်အတိုင်း ဆောင်ရွက်သွားဖို့ပဲရှိပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

မြိတ်ခရိုင်အတွင်း ကမ်းနီးကမ်းဝေး ကင်းမွန်လှေ အစီးရေ ၁၀၀၀ ခန့်ရှိကြောင်း မြိတ်ခရိုင် ကင်းမွန်လှေလုပ်ငန်းရှင်များ အသင်းထံမှသိရသည်။

Dawei Watch


  • VIA