News

POST TYPE

NEWS

နျူကလီးယားဆွေးနွေးပွဲ ပြန်လည်ပြုလုပ်ရန် အမေရိကန်တို့ နေ့စဉ်သတင်းပေးပို့လျက်ရှိဟု အီရန်သမ္မတပြောကြား
10-Sep-2018


တီဟီရန်၊ စက်တင်ဘာ၉

အမေရိကန်ပြည်ထောင်စုသည် စေ့စပ်ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရေးအတွက် အီရန်နိုင်ငံသို့ နေ့စဉ် သတင်းပေးပို့လျက်ရှိသည်ဟု သမ္မတဟတ်ဆန် ရိုဟာနီက နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

အီရန်နှင့် အမေရိကန်ပြည်ထောင်စု၏ ဆက်ဆံရေးမှာ ၂၀၁၅ နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်မည်ဟု ပြီးခဲ့သည့်မေလတွင် သမ္မတဒေါ်နယ်ထရမ့်က ကြေညာခဲ့ပြီးနောက် အလွန်တင်းမာလျက်ရှိသည်။ 

ထရမ့်ကဆိုလျှင် အီရန်ခေါင်းဆောင်များနှင့် ၎င်းတွေ့ဆုံမည်မဟုတ်ဟုပင် ဆိုထားသည်။ 

သို့သော် ယမန်နေ့က နိုင်ငံပိုင်သတင်းဌာနမှတစ်ဆင့် မိန့်ခွန်းပြောကြားရာ၌ သမ္မတဟတ်ဆန်ရိုဟာနီက “တစ်ဖက်ကတော့ သူတို့ကအီရန်ပြည်သူတွေကိုဖိအားပေးဖို့ ကြိုးပမ်းတယ်၊ နောက်တစ်ဖက်မှာတော့ ကျွန်တော်တို့တစ်တွေ အတူတကွ စေ့စပ်ဆွေးနွေးမှုတွေပြန်လုပ်ကြဖို့ နေ့စဉ်နေ့တိုင်း နည်းလမ်းမျိုးစုံနဲ့ သတင်းပေးပို့နေတယ်”ဟု အမေရိကန်ပြည်ထောင်စုနှင့် ပတ်သက်၍ မှတ်ချက်ပေးပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စုက အီရန်အနေနှင့် နျူကလီးယားအစီအစဉ်ကိုစွန့် လွှတ်ပစ်ပြီး ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့တွင်ရှိသော စစ်သွေးကြွအုပ်စုများ အားပံ့ပိုးနေမှုများကို ရပ်ဆိုင်းပေးစေလိုသည်။ 

အမေရိကန်တို့၏ ဗျူဟာနှင့်ပတ်သက်၍ သမ္မတဟတ်ဆန်ရိုဟာနီက “အီရန်ဟာ စီးပွားရေးဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ဝါဒဖြန့်မှုဆိုင်ရာစစ်ပွဲကြီးနဲ့ ရင်ဆိုင်နေရတယ်”ဟုဆိုပြီး အမေရိကနှင့် အစ္စရေးတို့သည် အီရန်အစ္စလာမ္မစ်နိုင်ငံတော်၏ အဓိကရန်သူများဖြစ်ကြသည်ဟု လက်ညှိုးထိုးပြောဆိုသည်။ 

“သူတို့က ပြောတယ်၊ ကျွန်တော်တို့ ဒီမှာ ဆွေးနွေးကြမယ်၊ ကျွန်တော်တို့ ဟိုမှာဆွေးနွေးကြမယ်လို့ ပြောတယ်။ အရေးကိစ္စတွေ၊ ပြဿနာတွေဖြေရှင်းလို တယ်လို့လည်းပြောတယ်။ ကျွန်တော်တို့က ဘာကိုယုံရမှာလဲ” ဟု သမ္မတရိုဟာနီက ဆိုသည်။ 

ထို့နောက် အမေရိကန်အစိုးရကို ၎င်းက တိုက်ရိုက်မေးခွန်းထုတ်သည်။

“ခင်ဗျားတို့ အီရန်ပြည်သူတွေရဲ့ ကောင်းကျိုးကိုလိုလားပါတယ်ဆိုရင် ဘာ့ကြောင့်ဒဏ်ခတ်အရေးယူမှုတွေ၊ ပိတ်ဆို့မှုတွေလုပ်ပြီး သူတို့ကိုဖိအားပေးနေရတာလဲ။ အဲဒီဖိအားတွေကြောင့် ကျွန်တော်တို့က မကြာခင် အညံ့ခံလာမယ်လို့ မျှော်လင့်နေတာလား” 

မကြာသေးခင်ကလည်း အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက အမေရိကန်ပြည်ထောင်စုနှင့် အီရန်အကြား စစ်ဖြစ်မည်မဟုတ်သော်လည်း အီရန်စစ်တပ်အနေနှင့် ကာကွယ်ရေးဆိုင်ရာ စွမ်းရည်များကို အစွမ်းကုန်မြှင့်တင်ထားရမည်ဟု သတိပေးပြောဆိုခဲ့သည်။

F-01