News

POST TYPE

NEWS

ပြည်သူ့ရင်ပြင်ရှေ့တွင် သမီးရည်းစားစုံတွဲ ရိုက်နှက်လုယက်ခံရ
10-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၉ 

ဒဂုံမြို့နယ် ဦးဝိစာရလမ်းမပေါ် ပြည်သူ့ရင်ပြင်ရှေ့တွင် စက်တင်ဘာလ ၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က သမီးရည်စားနှစ်ဦး ရိုက်နှက်လုယက်ခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင် လမ်းတွင်နေထိုင်သူ အသက် ၂၉ နှစ် အရွယ် အမျိုးသားတစ်ဦးသည် ယင်းနေ့က ရည်းစားဖြစ်သူနှင့်အတူ လမ်းမတော်မြို့နယ်ဘက်မှ ဗဟန်းမြို့နယ်ဘက်သို့ လမ်းလျှောက်လာစဉ် အထက်ပါနေရာအရောက် နောက်မှလိုက်လာသော အမျိုးသားသုံးဦးက ပုလင်းဖြင့် ရိုက်နှက်ခြင်း၊ လက်သီးဖြင့် ဝိုင်းဝန်းထိုးကြိတ်ခြင်းများ ပြုလုပ်ကာ ရွှေအိုရောင် လက်ကိုင်ဖုန်းတစ်လုံးကို လုယက်ပြီး လမ်းတစ်ဖက်တွင်ရပ်ထားသော အငှားယာဉ်တစ်စီးပေါ်တက်ကာ ထွက်ပြေးသွားကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“မနေ့က ဖြစ်ဖြစ်ချင်း ထွက်ပြေးတဲ့ ကားကို လိုက်ရှာတာ၊ မြန်မာပလာဇာရှေ့မှာတွေ့တယ်၊ အဲဒါနဲ့ ကားသမားကို စစ်ဆေးပြီး ထပ်လိုက်ဖမ်းခဲ့တာ၊ မနေ့ကရော ဒီနေ့ရော သုံးယောက်လုံးမိခဲ့တယ်။ ဒလ မြို့နယ်ဘက်က တစ်ယောက်ပါတယ်၊ ကျန်တဲ့သူတွေက မြန်မာပလာဇာရှေ့မှာ ကျက်စားတဲ့သူတွေ၊ အသက်တွေက ၂၀ ဝန်းကျင် အရွယ်တွေပဲ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ရိုက်နှက်လုယက်ခံရမှုကြောင့် အသက် ၂၉ နှစ်အရွယ် အမျိုးသားတွင် လည်ပင်း ညာဘက် စုတ်ပြဲဒဏ်ရာ၊ ညာပါးဖူးရောင် ဒဏ်ရာ၊ ညာနားစုတ်ပြဲဒဏ်ရာများရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရသဖြင့် လုယက်မှုကျူးလွန်သည်ဟုဆိုသော အမျိုးသားသုံးဦးနှင့် အငှားယာဉ်မောင်းကို ဒဂုံမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။ 

J-16



  • VIA