News

POST TYPE

NEWS

မြန်မာ့ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကျဆင်း
10-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၉

လာမည့်ခရီးသွားရာသီအတွက် လက်ရှိအချိန်ထိ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားဧည့်သည်ဝင်ရောက်ရန် ကြိုတင်စာရင်းပေးမှု (Pre-order) ယခင်နှစ်ထက် လျော့နည်းနေကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ယခုနှစ်ခရီးသွားရာသီအတွက် လက်ရှိအချိန်တွင် ဧည့်သည်ဝင်ရောက်ရန် ကြိုတင်အမှာစာရရှိမှုစာရင်းသည် ၂၀၁၇ ခုနှစ် ခရီးသွားပွင့်လင်းရာသီ အစကထက် နည်းပါးနေသေးကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ပုဂံဇုန်ဥက္ကဋ္ဌ ဦးဇော်ဝိတ် ထံမှသိရသည်။

“နည်းတာကတော့ သိသိသာသာကို နည်းတယ်၊ ဘယ်လောက်လဲဆိုတာ ပြောဖို့ခက်တယ်။ မနှစ်က နည်းတယ်ဆိုတာထက် အခုချိန်ထိဧည့်သည်မဝင်သေး ဘူး”ဟု ၎င်းက ဆိုသည်

လာမည့်ခရီးသွားရာသီတွင် ကမ္ဘာလှည့်ခရီးသည်များအတွက် ဧည့်လမ်းညွှန်အဖြစ် ခရီးစဉ်လိုက်ရန် အမှာစာရရှိမှုသည် ယခင်နှစ်ထက် ၃၅ ရာခိုင်နှုန်းခန့် လျော့နည်းကြောင်း၊ အချို့ခရီးသွား ကုမ္ပဏီများမှာလည်း ဝန်ထမ်းလျှော့ချမှုဖြစ်စဉ်များ ရှိနေကြောင်း ဧည့်လမ်းညွှန်များထံမှ စုံစမ်းသိရသည်။

ယခုနှစ်များတွင် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းသည် ရခိုင်အရေးကိစ္စရပ်များကြောင့် ဥရောပနိုင်ငံများမှ ဧည့်ဝင်ရောက်မှု လျော့နည်းခဲ့ပြီး ယင်းကိုမြှင့်တင်ရန် ဂျပန်၊ ကိုရီးယားနိုင်ငံသားများအနေဖြင့် ယခုနှစ် အောက်တိုဘာလမှစ၍ ဗီဇာကင်းလွတ်ခွင့်ပြုခဲ့သည်။

“ခရီးသွားလုပ်ငန်းကျဆင်းမှုက မနှစ်ကထက် ပိုဆိုးတယ်။ ဒီနှစ်က အာရှဈေးကွက်ကို ဗီဇာကင်းလွတ်ဆိုပြီး ဝန်ကြီးဌာနကလုပ်ပေမယ့် အခုဈေးကွက်က ရခိုင်ဖြစ်စဉ်ကြောင့် ကျဆင်းတာဆိုတော့ ဒါကို ထိထိရောက်ရောက် ဖြေရှင်းသင့်တယ်”ဟု အင်္ဂလိပ်ဘာသာဖြင့်ဧည့်လမ်း ညွှန်လုပ်ကိုင်သူ ဦးကိုကိုလတ်က ဆိုသည်။

သို့သော် အဆိုပါနိုင်ငံများမှ ဝင်ရောက်မည့် ခရီးသည်များသည် မြန်မာနိုင်ငံသို့ လည်ပတ်ရာတွင် ငွေကြေးအသုံးပြုမှု နည်းပါးသည့်နိုင်ငံများဖြစ်ပြီး ဝင်ရောက်လည်ပတ်နှုန်းမှာလည်း နည်းပါးသည့်အတွက် ခရီးသွားလုပ်ငန်းတွင် အမှန်တကယ် အကျိုးရှိရန် နည်းပါးကြောင်း ခရီးသွားကျွမ်းကျင်သူများက မှတ်ချက်ပြုသည်။

“လက်ရှိမှာ ခရီးသွားလုပ်ငန်း ကျဆင်းနေတယ်ဆိုတာက မှန်တယ်။ ဒါပေမဲ့ အခုလုပ်တဲ့ဗီဇာကင်းလွတ်ခွင့်က အခုမှ တရားဝင်ကြေညာတာဆိုတော့ အခု ခရီးသွားရာသီကို စောင့်ကြည့်ရမယ်။ ဒါ့အပြင် ဧည့်သည်အဝင်များတဲ့ အနောက်နိုင်ငံတွေကိုလည်း ဗီဇာဖြေလျှော့ပေးဖို့ ညှိနှိုင်းနေတာတွေရှိတယ်”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ဦးကျော်မင်းထင်က ဆိုသည်။

ထို့ပြင် ကမ္ဘာသိနာမည်ကျော်ကြားသည့် ပုဂ္ဂိုလ်များကို ခရီးသွားလုပ်ငန်း သံတမန်အဖြစ် ခန့်အပ်မှုများဖြင့် ဈေးကွက်မြှင့်တင်မှုများကိုလည်း ဆောင်ရွက်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ 

J-14



  • VIA