News

POST TYPE

NEWS

နောက်သုံးရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ ရေကြီးရေလျှံမှု အန္တရာယ်ရှိဟု မိုး/ဇလ သတိပေး
26-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၆

မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများတွင် မိုးအားကောင်းနေပြီး မြစ်ကြီးများတွင် စိုးရိမ်ရေမှတ် အထက်သို့ မြစ်ရေ မြင့်တက်နေသည့်အတွက် နောက်သုံးရက်အတွင်း မြစ်ဝကျွန်းပေါ် ဒေသတွင်ပါ ရေကြီးရေလျှံမှု အန္တရာယ် ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

နောက်သုံးရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးအား ပြန်လည်လျော့နည်းသွားနိုင်သော်လည်း ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ ငဝန်မြစ်နှင့် မြစ်ငယ်မြစ်တို့တွင် မြစ်ရေများ စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိနေသည့်အတွက် ချင်းတွင်းမြစ်ရိုး တစ်လျှောက်နှင့် ဧရာဝတီမြစ် အထက်ပိုင်းရှိ မြို့များသည် အထူးသတိပြု နေထိုင်ရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။
“နောက်နှစ်ရက် သုံးရက်လောက်ဆို မြစ်ဝကျွန်းပေါ် ဒေသတွေ အထူးဂရုပြုဖို့ လိုပါတယ်” ဟု ဒေါက်တာကျော်မိုးဦးက ဆိုသည်။

နောက်နှစ်ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ ဆက်လက်အားနည်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

မုတ်သုံလေ အားလျော့နည်းနေခြင်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် မိုးအားလျော့နည်းနေသော်လည်း အနောက်ဘက်မှ ဝင်ရောက်လာသည့် လေပွေလှိုင်းများ အားကောင်းနေခြင်းကြောင့် မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများတွင် မိုးအားကောင်းနေပြီး နေရာကွက်၍ မိုးကြီးရခြင်းဖြစ်ကြောင်း ဒေါက်တာကျော်မိုးဦးက ရှင်းပြသည်။
“ပုံမှန်ဆို မုတ်သုံဝင်တာနဲ့ အနောက်လေပွေလှိုင်းက အားလျော့သွားတယ်။ ဒီနှစ်အတွက် အနောက်လေပွေလှိုင်း အားကောင်းနေတာက ထူးခြားတဲ့ အချက်တစ်ချက် ဖြစ်နေတယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။