News

POST TYPE

NEWS

လူထုမြေယာဆွေးနွေးပွဲမှ ရလဒ် ၁၂ ချက် လွှတ်တော် တင်ပြမည်
09-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၈

ဖက်ဒရယ်မြေယာအုပ်ချုပ်ရေးဖြင့် မြေယာအခွင့်အရေးနှင့်ရပိုင်ခွင့်ကို အာမခံနိုင်ရန် ရည်ရွယ်ချက်ဖြင့်ပြုလုပ်သည့် လူထုမြေယာဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ် ၁၂ ချက်ကို သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း Ethnic Concern အရပ်ဘက်အဖွဲ့အစည်းမှ ဒါရိုက်တာဖြစ်သူ ကိုဆလိုင်းဂျင်မီက ပြောကြားသည်။

၂၀၁၂ လယ်ယာမြေဥပဒေ၊ မြေလွတ် မြေလပ်မြေရိုင်းဥပဒေများကို ပြင်ဆင်ရာတွင် ပိုမိုဆိုးရွားသည့်အချက်များကို တွေ့ရှိရသည့်အတွက် ယခုဆွေးနွေးပွဲတွင် ရရှိလာသည့်အချက်များကို အသစ်ပြင်ဆင်သည့် ဖက်ဒရယ်လယ်ယာမြေဥပဒေအသစ်တွင် ထည့်သွင်းစဉ်းစားရန် တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တိုင်းနဲ့ပြည်နယ် ၁၄ ခုက ပညာရှင်တွေ၊ တောင်သူလယ်သမားကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေ၊ ဆွေးနွေးပွဲက ရရှိလာတဲ့အချက်တွေကို ဖက်ဒရယ် မြေယာဥပဒေမှာ ထည့်သွင်းရမယ့် အခြေခံမူတွေကို သက်ဆိုင်ရာ လွှတ်တော်၊ အစိုးရများမှ တာဝန်ယူ တာဝန်ခံမှုနဲ့ဆောင်ရွက် ပေးဖို့တင်ပြတောင်းဆိုသွားမယ်”ဟု ကိုဆလိုင်းဂျင်းမီက ဆိုသည်။

လူထုဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် အချက်များတွင် မြန်မာနိုင်ငံတွင် ဖက်ဒရယ်မြေယာဥပဒေရေးဆွဲရာတွင် တောင်သူလယ်သမားများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ကိုယ်စားလှယ်များပါဝင်ခွင့်ရရန်၊ ဖက်ဒရယ်မြေယာဥပဒေအသစ်တစ်ရပ် မပေါ်ပေါက်မီအချိန်အထိ လွှတ်တော်ထဲတွင် လက်ရှိရောက်နေသော မြေယာဥပဒေများ ဆွေးနွေးခြင်းများကို ရပ်ဆိုင်းထားရန်နှင့် သိမ်းဆည်းခံလယ်ယာမြေ ပြဿနာများကို အမြန်ဆုံးဖြေရှင်းပေးရန်နှင့် သိမ်းဆည်းခံလယ်ယာမြေများကို မူလပိုင်ရှင်များလက်သို့ ပေးအပ်ရန်တို့ပါဝင်သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် လက်ရှိမူဝါဒနှင့် တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ယန္တရားများသည် လက်ရှိ ကြုံတွေ့နေသော မြေယာအငြင်းပွားမှုပြဿနာများကို ပြေလည်အောင် မဖြေရှင်းနိုင်သဖြင့် လွှတ်တော်တွင် မြေယာပြဿနာများ၊ မြေယာဥပဒေများအတွက် အစိုးရကို ထိန်းညှိရန်နှင့် ဆုံးဖြတ်ဖြေရှင်းပေးနိုင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းပေးရန်နှင့် ကော်မတီ၏ စီမံခန့်ခွဲမှုများကို လိုက်နာမှုမရှိပါက အရေးယူအပြစ်ပေးနိုင်သည့် ပြစ်ဒဏ်ချမှတ်ရန် စသည့်အချက်များလည်း ပါဝင်ခဲ့သည်။

လူထုမြေယာဆွေးနွေးပွဲကို တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ၊ တောင်သူလယ်သမားကိုယ်စားလှယ်များ၊ လယ်ယာမြေအရေး တက်ကြွလှုပ်ရှားသူများ အယောက် ၆၀၀ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝါးပိုးရေ ကျေးရွာရှိ အာရှအလင်းရောင်ကျောင်းတိုက်တွင် စက်တင်ဘာ ၅ နှင့် ၆ ရက်က ပြုလုပ်ခဲ့သည်။

J-10


  • VIA