News

POST TYPE

NEWS

စည်းကမ်းမဲ့တွဲကားများကို ကရိန်းကားဖြင့်ဆွဲယူကာ သိမ်းဆည်းမည်
မန္တလေး၊ စက်တင်ဘာ ၈

မန္တလေးမြို့တော်အတွင်း စည်းကမ်းမဲ့ ရပ်နားသည့် ကုန်တင်ယာဉ် (တွဲကား)များကို ကရိန်းကားဖြင့်ဆွဲယူကာ ဖယ်ရှားသိမ်းဆည်းမည်ဖြစ်ကြောင်း စက်တင်ဘာလ ၈ ရက်တွင် အခွန်ဌာနက ထုတ်ပြန်ကြေညာလိုက်သည်။

ကုန်တင်ယာဉ်များသည် သတ်မှတ်ထားသည့်နေရာတွင်မဟုတ်ဘဲ အချိန်ကြာမြင့်စွာ ရပ်ထားခြင်း၊ ယာဉ်ကြော ပိတ်ဆို့ရပ်တန့်ခြင်း၊ ယာဉ်နှစ်ထပ်ရပ်ခြင်း၊ ပြုပြင်ခြင်းတို့ကြောင့် လမ်းပိတ်ဆို့မှုများဖြစ်စေပြီး အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်ရသောကြောင့် အရေးယူရခြင်းဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင် ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

“ခေါင်းတွေ(စက်ခေါင်း) ဖြုတ်ထားတဲ့ ကုန်ကားတွေ၊ ဘော်ဒီကိုထားပြီး လမ်းမပေါ် ရပ်ထားတဲ့ကားတွေကို ဦးစားပေးလုပ်မှာ”ဟု မန္တလေးမြို့တော် စည်ပင်ကော်မတီဝင် ဦးကျော်ဇောအောင်က ဖြည့်စွက်ပြောဆိုသည်။

အဆိုပါယာဉ်များကို မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေအရ ဒဏ်ငွေတပ်၍ အရေးယူမည့်အပြင် ကရိန်းကားဖြင့် ဆွဲယူစရိတ် ကျပ်တစ်သိန်း၊ ၂၄ နာရီအတွင်း လာရောက်ယူဆောင်ခြင်းမရှိပါက တစ်ရက်လျှင် ဒဏ်ငွေ ကျပ်တစ်သောင်းနှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း မြို့တော်စည်ပင်က အသိပေးထားသည်။

ထိုကဲ့သို့ ကုန်တင်ယာဉ်များ ရပ်နားမှုသည် ပြည်ကြီးတံခွန်မြို့နယ်တွင် အဆိုးဆုံးဖြစ်ကြောင်း၊ တောင်အင်း မြောက်အင်း သုသာန်အနီးတစ်ဝိုက်တွင် ပိုမိုတွေ့ရှိရကြောင်း ယင်းမြို့နယ်တွင်နေထိုင်သူများအဆိုအရ သိရသည်။

မန္တလေးမြို့တော် စည်ပင်အခွန်ဌာနအနေနှင့် စည်းကမ်းမဲ့ယာဉ်များကို အရေးယူမှုသာမက ခွင့်ပြုချက်မရှိဘဲ ကုန်တင်ကုန်ချဂိတ်ဖွင့်လှစ်ခြင်း၊ ခရီးသည်များ တင်ချပြုလုပ်သည့် မော်တော်ယာဉ်လက်မှတ် ရောင်းဝယ်ရန် နေရာပြုလုပ်ခြင်း၊ သုံးတန် အထက်ယာဉ်မဝင်ရဧရိယာအတွင်း သုံးတန် အထက်ယာဉ်များ ဝင်ရောက်ခြင်း၊ တရားမဝင် စက်သုံးဆီရောင်းချခြင်းတို့ကိုလည်း စစ်ဆေးရေးအဖွဲ့ဖြင့် လှည့်လည်စစ်ဆေးလျက်ရှိသည်။

စည်ပင်ဥပဒေကို ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိရပါက မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေအရ စီမံခန့်ခွဲမှုနည်းလမ်းဖြင့် ဒဏ်ငွေရိုက်အရေးယူသည့်အပြင် စည်ပင်သာယာအထူးတရားရုံး၌ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့အရေးယူမှုများပြုလုပ်ရာ၌ ဒဏ်ကြေးငွေအပြင် ငွေကြေးပိုမိုတောင်းခံသူကိုလည်း ဌာနစုမှူးမှ စည်ပင်ကော်မတီဝင်များအထိ တိုင်ကြားနိုင်ကြောင်း အခွန်ဌာနက အသိပေးထားသည်။

M-07