News

POST TYPE

NEWS

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ အာဖရိကဆိတ်သမင်မျိုးစိတ်သစ် ၇ ကောင်ရောက်
08-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၈

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ အာဖရိက ဆိတ်သမင်မျိုးစိတ်သစ် ၇ ကောင် စက်တင်ဘာလ ၈ ရက် နံနက်ပိုင်းက ရောက်ရှိလာကြောင်း ယင်းတိရစ္ဆာန်ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ပြောကြားသည်။

အဆိုပါ အာဖရိကဆိတ်သမင်၌ မျိုးစိတ် နှစ်မျိုးပါဝင်ပြီး နူးဆိတ်သမင် (Gnu) မျိုးစိတ် ဆိတ်သမင် လေးကောင်အနက် အထီးတစ်ကောင်၊ အမသုံးကောင်နှင့် ညာလာ ဆိတ်သမင် (Nyala) သုံးကောင်တွင်လည်း အထီးတစ်ကောင်နှင့် အမနှစ်ကောင်တို့ကို နေပြည်တော် ဆာဖာရီတိရစ္ဆာန်ဥယျာဉ်မှ လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ရန်ကုန်နဲ့ နေပြည်တော်ရဲ့ ရာသီဥတုက ကွာခြားမှုမရှိတော့ အဆင်ပြေတယ်။ ဘယ်အချက်ကို စိတ်ပူရသလဲဆိုတော့ မိုး များလာရင် ဘယ်လိုလုပ်မလဲဆိုတာ စိတ်ပူရတယ်။ အဲ့ဒါကြောင့် ညဘက်နားခိုဖို့ နေရာလေးတွေ လုပ်ပေးထားတယ်”ဟု ၎င်းကဆိုသည်။

တိရစ္ဆာန်ဥယျာဉ်များသည် မွေးမြူပြသထားသည့် တိရစ္ဆာန်မျိုးစိတ်များကို အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန်အပြင် ယင်းတိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပြုလုပ်ပေးရကြောင်း၊ ထို့အပြင် မျိုးပွားအောင်လည်း လုပ်ဆောင်ရကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ယင်းဆိတ်သမင်မျိုးစိတ်သစ် ၇ ကောင်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ သေဆုံးသွားသော သစ်ကုလားအုတ် ထားရှိခဲ့သည့်နေရာတွင် ထည့်သွင်းပြသထားပြီး သစ်ကုလားအုတ်ကိုလည်း ပြန်လည်ဖြည့်တင်းရန် လျာထားကြောင်း ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အုပ်ချုပ်ရေးမှူးက ထပ်မံဆိုသည်။

ထို့ကြောင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်မျိုးစိတ် ၁၃၄ စိတ်ရှိလာပြီး ကောင်ရေပေါင်း ၁၄၀၀ နီးပါးရှိလာကြောင်း ယင်းတိရစ္ဆာန်ဥယျာဉ်ထံမှ သိရသည်။

နေပြည်တော် ဆာဖာရီတိရစ္ဆာန် ဥယျာဉ်နှင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်များသည် သစ်တောဦးစီးဌာန၊ တိရစ္ဆာန်ဥယျာဉ်များဌာနအောက်တွင်ရှိသောကြောင့် အခကြေးငွေဖြင့် ဝယ်ယူရခြင်း မရှိကြောင်း၊ အာဖရိကဆိတ်သမင်၏ အလေ့အထအရ တစ်နှစ်လျှင် တစ်ကောင်နှုန်း မွေးဖွားပြီး ကိုယ်ဝန်ဆောင်ချိန် ခုနစ်လကြာမြင့်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထံမှ သိရသည်။ 

J-17