News

POST TYPE

NEWS

ထားဝယ်တွင် မသန်စွမ်းများကို ကူညီမည့်စီမံကိန်း စက်တင်ဘာ ဒုတိယအပတ်စမည်
07-Sep-2018
ထားဝယ်၊ စက်တင်ဘာ ၇

ထားဝယ်ခရိုင်တွင် မသန်စွမ်းသူများကို ကူညီပေးမည့် စီမံကိန်းတစ်ခုကို စက်တင်ဘာလ ဒုတိယအပတ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဧဒင်မသန်စွမ်း သက်ငယ်များပြုစုရေး ရိပ်မြုံထံမှ သိရသည်။

ယင်းစီမံကိန်းတွင် မသန်စွမ်း ၅၀ ဦးအတွက် ဝှီးချဲ၊ ချိုင်းထောက်ကဲ့သို့ ထောက်ပံ့ပစ္စည်းများ ကူညီပေးခြင်း၊ လေ့လာရေး ခရီးထွက်ခြင်း၊ မသန်စွမ်းသူများ ကူညီပံ့ပိုးခြင်း သင်တန်း၊ ရုပ်သံမှတ်တမ်းရိုက်ကူးခြင်း စသည့် အစီအစဉ်ကိုးမျိုး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းစီမံကိန်းမှ သင်တန်းမန်နေဂျာ နော်ဟဲခလေးက ပြောသည်။

ထားဝယ်တွင် မသန်စွမ်းသူများနှင့်ပတ်သတ်ပြီး ကူညီပေးသည့် အဖွဲ့အစည်း မရှိသလောက်နည်းပါးပြီး  အထူးသဖြင့် မသန်စွမ်းကလေးများအား ကူညီပေးရန် တောင်းဆိုမှုများ ရှိလာသောကြာင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နော်ဟဲခလေးက ပြောသည်။

“ဒီလိုကူညီပေးခြင်းအားဖြင့် မသန်စွမ်းသူတွေကို လူမှုအသိုင်းအဝိုင်းမှာ ကျန်မနေခဲ့ရအောင် ဘယ်လို လက်တွဲခေါ်နိုင်မလဲဆိုတာတွေ လူမှုအသိုင်းအဝိုင်းက သိလာနိုင်မယ်”ဟု ၎င်းက ဆိုသည်။

ထားဝယ်ဒေသတွင် အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့်လည်း မသန်စွမ်းများကို ကူညီနေမှုများမှာ ထိရောက်မှု နည်းပါးနေသေးကြောင်း ထားဝယ်မြို့ရှိ အသက် ၂၇ နှစ်အရွယ် မသန်စွမ်းအမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့လို လူတွေကို ကူညီတဲ့သူက အရမ်းနည်းတယ်။ ထားဝယ်မှာ ဒီလိုလာလုပ်မယ်ကြားရတာ အရမ်းဝမ်းသာတယ်။ ကျွန်တော်တို့က အဲလိုကူညီတဲ့ အဖွဲ့တွေကိုပဲ မျှော်နေရတာ”ဟု ၎င်းအမျိုးသားက ဆိုသည်။

ယခုနှစ် မေလက တိုင်းလူမှုဝန်ထမ်း ဦးစီးဌာနက ကောက်ခံထားသည့်စာရင်းအရ ထားဝယ်ခရိုင်တွင် မသန်စွမ်းဦးရေ စုစုပေါင်း နှစ်ထောင်နီးပါးရှိသည်။

Dawei Watch



  • VIA