News

POST TYPE

NEWS

ထရမ့်၏ ပထမသမ္မတ သက်တမ်းအတွင်း နျူကလီးယားဖြုတ်သိမ်းရေးကို အပြီးသတ်လုပ်ဆောင်ရန် ဆန္ဒရှိဟု မြောက်ကိုရီးယားခေါင်းဆောင်ပြောကြား


ဆိုးလ်၊ စက်တင်ဘာ ၆

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းက ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားလက်နက်ဖြုတ်သိမ်းရေး လုပ်ငန်းစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမရာထူးသက်တမ်းအတွင်း အပြီးသတ်လုပ်ဆောင်လိုသည်ဟု ပြောကြားလိုက်ကြောင်း တောင်ကိုရီးယား အစိုးရအရာရှိကြီးများ၏ ပြောကြားချက်ကို Reuters သတင်းဌာနက ကိုးကားဖော်ပြသည်။ 

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် တတိယအကြိမ်မြောက် တွေ့ဆုံကာ ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပရန် ကင်ဂျုံအန်းက သဘောတူညီလိုက်သလို ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယား လက်နက်ဖြုတ်သိမ်းရေးကိစ္စကိုလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမရာထူးသက်တမ်းတွင်ပြုလုပ်ရန် ဆန္ဒရှိသည်ဟု ပြောကြားလိုက်ကြောင်း တောင်ကိုရီးယားအစိုးရ အရာရှိကြီးများက ဆိုသည်။ 

တောင်ကိုရီးယားသမ္မတရုံး၏ အမျိုးသားလုံခြုံရေးအကြီးအကဲ ချန်အီယွန်းသည် ပြုံယမ်းမြို့သို့ စက်တင်ဘာ ၅ ရက်နေ့က သွားရောက်တွေ့ဆုံရာ၌ ကင်ဂျုံအန်းက ထိုသို့အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ 

ကင်ဂျုံအန်းနှင့် တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းတို့သည် လာမည့် စက်တင်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ပြုံယမ်းမြို့တွင် တွေ့ဆုံကာ နျူကလီးယား လက်နက်ဖြုတ်သိမ်းရေးအတွက် လက်တွေ့ကျသည့် ဆောင်ရွက်ချက်များအကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးကြမည်ဖြစ်သည်ဟု အမျိုးသားလုံခြုံရေးအကြီးအကဲ ချန်အီယွန်းက ကင်ဂျုံအန်းနှင့် ပြုံယမ်းတွင်တွေ့ဆုံပြီး နောက်တစ်နေ့၌ သတင်းထောက်များကို ပြောကြားသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပေါ်ထားရှိသည့် မိမိ၏ယုံကြည်မှုသည် အပြောင်းအလဲမရှိကြောင်း ကင်ဂျုံအန်းက အမျိုးသားလုံခြုံရေးအကြီးအကဲ ချန်အီယွန်းဦးဆောင်သော တောင်ကိုရီးယား အရာရှိကြီးများကို ပြောကြားသည်။ ထို့ပြင် လာမည့် ၂၀၂၁ ခုနှစ် ထရမ့်၏ ပထမသမ္မတ သက်တမ်းမကုန်ဆုံးမီ နျူကလီးယား လက်နက်ဖြုတ်သိမ်းရေးကို အပြီးသတ် အကောင်အထည်ဖော်ဆောင်ရွက်လိုသည့် ဆန္ဒရှိကြောင်းနှင့် အမေရိကန်နှင့်မြောက်ကိုရီးယားအကြား နှစ်ပေါင်းများစွာရှိခဲ့သော ရန်ငြိုးများကို အဆုံးသတ်ပစ်လိုကြောင်း ကင်ဂျုံအန်းက ပြောကြားသည်ဟု ဆိုသည်။

တောင်ကိုရီးယားအရာရှိကြီးများက ယခုကိစ္စသည် ထရမ့်-ကင် ထိပ်သီးဆွေးနွေးပွဲနောက်ပိုင်း နျူကလီးယား လက်နက်ဖြုတ်သိမ်းရေးနှင့်ပတ်သက်၍ မြောက်ကိုရီးယားဘက်က ပထမဆုံးအကြိမ် အချိန်သတ်မှတ်ချက်ပေးလိုက်ခြင်းပင် ဖြစ်သည်ဟု ဆိုသည်။ 

ထို့ပြင် ကင်ဂျုံအန်းက နျူကလီးယား လက်နက်ဖြုတ်သိမ်းရေးကို အပြီးသတ်ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည်ဟူသောအချက်ကို ထပ်မံအသိပေးပြောဆိုခဲ့သလို တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စုတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ 

“ဥက္ကဋ္ဌကင်က သူ့ရဲ့သဘောထားဆန္ဒနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှာ တချို့က သံသယဖြစ်နေတဲ့အပေါ် စိတ်ကသိကအောက် ဖြစ်နေတာ”ဟု အမျိုးသားလုံခြုံရေးအကြီးအကဲ ချန်အီယွန်းက ပြောကြားသည်။ 

ကင်ဂျုံအန်းနှင့် သမ္မတဒေါ်နယ် ထရမ့်တို့သည် သမိုင်းတွင်လွန်စွာအရေးပါသည့် ထိပ်သီးဆွေးနွေးပွဲကြီးတစ်ရပ်ကို ဇွန်လ ၁၂ ရက်နေ့က စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ရာ နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် ဆက်ဆံရေးတစ်ရပ် ထူထောင်ရန် သဘောတူညီခဲ့ကြသည်။ 

သို့သော် ယင်းအစီအစဉ်များကို မည်သို့မည်ပုံအကောင်အထည်ဖော်မည်၊ မည်သည့်အချိန်ကန့်သတ်ချက်အတွင်း လုပ်ဆောင်မည် စသည်တို့နှင့်ပတ်သက်၍ အမြင်ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ 

F-01