News

POST TYPE

NEWS

အာဖရိကတိုက်တွင် အနှစ်မဲ့ဟန်ရေးပြစီမံကိန်းများ၌သာ တရုတ်က ငွေသုံးနေသည်ဆိုခြင်းကို ရှီကျင့်ဖျင်ငြင်းဆို
05-Sep-2018


ပေကျင်း၊ စက်တင်ဘာ ၄

တရုတ်နိုင်ငံသည် အာဖရိကတိုက် တွင် အနှစ်မဲ့ဟန်ရေးပြစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံနေခြင်းမဟုတ်ဘဲ အခြေခံ အဆောက်အဦများ တည်ဆောက်ရေး ကူညီပေးနေခြင်းသာဖြစ်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်ဟု ဃြ သတင်းဌာနက ဖော်ပြသည်။

ဘေဂျင်းတွင် ကျင်းပသည့် တရုတ်- အာဖရိက ထိပ်သီးဆွေးနွေးပွဲတွင် အာဖရိက တိုက်ဖွံ့ဖြိုးရေးအတွက် နောက်ထပ် အမေရိ ကန်ဒေါ်လာ ၆၀ ဘီလီယံ ပံ့ပိုးသွားမည်ဟု ရှီက ကတိပြုခဲ့သည်။

တရုတ်သည် အာဖရိကတွင် အခြေခံ အဆောက်အဦဆိုင်ရာ ငွေကြေးထောက်ပံ့မှု အများဆုံးနိုင်ငံဖြစ်သည်။ သို့သော်လည်း အာဖရိကနိုင်ငံများသည် တရုတ်၏ အကြွေး နွံနစ်တော့မည်ဟု ဝေဖန်သူများက သတိ ပေးထားကြသည်။

အချို့သောစီမံကိန်းများတွင် ငွေရေးကြေးရေးအရ အောင်မြင်ဖြစ်ထွန်းနိုင်စွမ်းကို ပြန်ကြည့်ရန် လိုအပ်ကြောင်း ရှီက ဝန်ခံခဲ့ပြီး အလုပ်ဖြစ်နိုင်ရေး ပူးပေါင်းဆောင်ရွက် ရမည်ဟုလည်း မှတ်ချက်ပေးခဲ့သည်။

နှစ်ရက်ကြာ ထိပ်သီးဆွေးနွေးပွဲ မစတင်မီ စီးပွားရေးလုပ်ငန်းရှင်များကို ပြောကြားသည့် မိန့်ခွန်းတွင် ရှီက “တရုတ်ရဲ့ အာဖရိကနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ဖွံ့ဖြိုးရေးအတွက် အတားအဆီးဖြစ်နေတဲ့ အရာတွေကို ဖယ်ရှားဖို့ဆိုတာ ရှင်းလင်းတဲ့ကိစ္စပါ။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ရင်းမြစ်တွေကို ဘယ်အနှစ်မဲ့ ဟန်ရေးပြစီမံကိန်းတွေအတွက်မှ သုံးနေတာမရှိပါ။ အရေးအကြီးဆုံးလို့ သတ်မှတ်တဲ့နေရာတွေမှာ သုံးနေတာပါ” ဟု ပြောကြားခဲ့သည်။

တောင်အာဖရိကသမ္မတ ဆိုင်ရီးလ်ရာမာဖိုဆာက အာဖရိကတိုက်တွင် တရုတ်ပါဝင်ပတ်သက်မှု တိုးမြှင့်လာခြင်းကို ကြိုဆိုခဲ့ပြီး မလိုသူတို့က ပြောနေသလို အာဖရိကတွင် ကိုလိုနီဝါဒသစ် လွှမ်းမိုးနေပြီဆိုခြင်းမှာ မဟုတ်မှန်ကြောင်း၊ သူ့အနေနှင့် သဘောမတူကြောင်း ပြောကြားခဲ့သည်။

နိုင်ငံငယ်လေး အီးဆွာတီနီ (ယခင်က ဆွာဇီလန်ဟု ခေါ်ဝေါ်သောနိုင်ငံ) မှ အပ ကျန်အာဖရိကနိုင်ငံအားလုံး ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

အီးဆွာတီနီနိုင်ငံမှာ ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး တည်ဆောက်ထားသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်။

တရုတ်အာဏာပိုင်များက တရုတ်ပြည်မနှင့်ရော ထိုင်ဝမ်နှင့်ပါ သံတမန်ဆက်ဆံရေးထူထောင်သည့် နိုင်ငံများကို အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ခြင်း မရှိပေ။ တရုတ်သည် ထိုင်ဝမ်ကို သူ့နယ်နိမိတ်အဖြစ် ယူဆထားသည်။

F-03