News

POST TYPE

NEWS

ကရင်ပြည်နယ်ရှိ ကိုယ်ဝန်ဆောင်သည်များနှင့် ကလေးငယ်များကို ထောက်ပံ့ပေးမည်
04-Sep-2018
ဘားအံ၊ စက်တင်ဘာ ၃

၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှစတင်၍ ကရင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားသည့် ကလေးငယ်များကို ထောက်ပံ့ကြေးပေးမည်ဖြစ်ကြောင်း ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

ထိုသို့ထောက်ပံ့ရာတွင် ယခုဘဏ္ဍာနှစ် အောက်တိုဘာလတွင် ကိုယ်ဝန်ရှိနေသည့် ကိုယ်ဝန်ဆောင်များနှင့် ယင်းလနှင့် နောက်ပိုင်းတွင် မွေးဖွားသည့် ကလေးသူငယ်များကို ထောက်ပံ့ရန် ပြင်ဆင်နေကြောင်း ယင်းဌာနထံမှသိရသည်။

“သတ်မှတ်ချက်ကတော့ အောက်တိုဘာလအတွင်းမှာ ကိုယ်ဝန်ဆောင်တဲ့ သူရယ်၊ မွေးတဲ့ကလေးတွေကို ပေးသွားမှာပါ၊ ဒီအစီအစဉ်အတွက် ဝန်ထမ်းတွေကို သင်တန်းလွှတ်ပေးဖို့စီစဉ်ထားတယ်၊ တခြားအသေးစိတ် အချက်အလက်တွေကတော့ ဒီဝန်ထမ်းတွေပြန်လာမှသိရမယ်”ဟု ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောကြားသည်။

ထောက်ပံ့မှုအနေနှင့် အောက်တိုဘာလ ၁ ရက်နေ့မွေးဖွားသော ကလေးများကို တစ်လလျှင် ကျပ်တစ်သောင်းခွဲနှုန်းဖြင့် ရက်ပေါင်းတစ်ထောင် (၂ နှစ်ခွဲ) အထိ ထောက်ပံ့ပေးမည်ဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်များအနေနှင့် စတင်ကိုယ်ဝန်ဆောင်ချိန်မှ မွေးပြီးရက်ပေါင်းတစ်ထောင်အထိ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းထောက်ပံ့မည့်အစီအစဉ်မှာ ကယားနှင့် ကရင်ပြည်နယ်တို့ရှိ ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့ပေးမည့် အစီအစဉ်တွင်ပါဝင်ပြီး ကရင်ပြည်နယ်အတွင်း တွေ့ကြုံနေသည့် ရေဘေးကြောင့် ယင်းအစီအစဉ်အတွက် တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ရန် အချိန်အနည်းငယ်နောက်ကျခဲ့ပြီး ဝန်ထမ်းများကို စက်တင်ဘာလ ပထမပတ်အတွင်း သင်တန်းသို့ စေလွှတ်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

“နည်းတယ်၊ များတယ်ကိုတော့ မပြောလိုပါဘူး၊ အဲဒီလမှာ မွေးတဲ့ကလေးအတွက် ပြဿနာမရှိပေမယ့် အောက်တိုဘာလမှာ ဆေးခန်းသွားပြလို့ ကိုယ်ဝန်က ၃ လရှိတဲ့ လူဆိုရင်ကော ဘယ်လို ထည့်စဉ်းစားပေးမလဲ၊ အဲ့ဒါကတော့မေးစရာတစ်ခု ရှိတယ်”ဟု ဘားအံမြို့နယ် အမှတ် (၅) ရပ်ကွက်နေ ဦးစောလင်းခိုင်က ပြောကြားသည်။

ယခင်က ကရင်ပြည်နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့မှ ၃ မြွှာပူးနှင့်အထက် မွေးဖွားသူများကို ငွေကျပ် ၅ သိန်း ထောက်ပံ့လေ့ရှိကြောင်း ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

R-17



  • VIA