News

POST TYPE

NEWS

ဂျာမနီတွင် ရွှေ့ပြောင်းအခြေချမှုနှင့်ပတ်သက်၍ လက်ဝဲ လက်ယာအုပ်စုများ အားပြိုင်၊ ဂျာမန်မဟုတ်သူများ ရာဇဝတ်မှုကျူးလွန်သည့်နှုန်းမြင့်တက်ဟု ဆို
04-Sep-2018 tagged as ဂျာမနီ


ဘာလင်၊ စက်တင်ဘာ ၃

ဂျာမနီနိုင်ငံတွင် ဆယ်ကျော်သက် မိန်းကလေးငယ်ကို သတ်ဖြတ်ခဲ့သည့် အာဖဂန်နွှယ်ဖွား ရွှေ့ပြောင်းအခြေချသူတစ်ဦးကကို ထောင်ဒဏ် ရှစ်နှစ်ချမှတ်လိုက်ပြီးနောက် ဂျာမနီနိုင်ငံတွင်း ခိုလှုံခွင့်ဆိုင်ရာ မူဝါဒနှင့်ပတ်သက်၍ အငြင်းအခုံများ ပေါ်ပေါက်လျက်ရှိကြောင်း၊ သို့သော် ရွှေ့ပြောင်းဒုက္ခသည်များ နိုင်ငံတွင်းသို့ ခေါ်ယူမှုကို ထောက်ခံသည့် ပြည်သူမြောက်မြားစွာကလည်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိဆဲပင်ဖြစ်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။

ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း လန်ဒေါင်မြို့ တရားရုံးက အပ္ပဒူဒီဟု အမည်ရသည့် အာဖဂန်လူမျိုးတစ်ဦးကို တနင်္လာနေ့က ထောင်ဒဏ်ရှစ်နှစ်နှင့် ခြောက်လချမှတ်ခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလက ကန်ဒဲလ်မြို့မှ ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ပြစ်မှုထင်ရှား၍ တရားရုံးတော်က အဆိုပါထောင်ဒဏ်ချမှတ်လိုက်ခြင်းလည်းဖြစ်သည်။ 

ယင်းအာဖဂန်အမျိုးသား၏ ရှေ့နေဖြစ်သူ မက်ဇီမီလန်အန်ဒါက တရားရုံးတော်၏ ဆုံးဖြတ်ချက်မှာ မှန်ကန်သည်ဟု ယူဆမိကြောင်း၊ ၎င်း၏အမှုသည် အဆိုပါ အာဖဂန်လူမျိုးကလည်း ယင်းပြစ်ဒဏ်ကို လက်ခံကြောင်း ပြောကြားသည်။

သို့သော် အဆိုပါအာဖဂန်လူမျိုးကို တရားစီရင်နေသည့် တရားရုံအပြင်ဘက်တွင် ဆန္ဒပြနေသူများထဲမှ အသက် ၅၃ နှစ်အရွယ် မာတင်မြူးလာက တရားသူကြီးပေးသော ပြစ်ဒဏ်သည် နည်းလွန်းသည်ဟု မကျေမနပ်ဖြစ်ကာပြောဆိုသည်။

“ကျွန်တော်ပြောမယ်၊ စိုးရိမ်နေတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ယခုလိုရာဇဝတ်မှုမျိုးအတွက် သင့်တင့်လျောက်ပတ်တဲ့ ပြစ်ဒဏ်စီရင်ပေးရမှာပါ။ ထောင်ဒဏ် ၈ နှစ်ခွဲဆိုတာ မလုံလောက်သေးပါဘူး၊ နည်းလွန်းတယ်”ဟု ၎င်းကပြောကြားသည်။ 

ဂျာမန်အာဏာပိုင်များ၏ ပြောကြားချက်အရ ဒုစရိုက်မှုနှင့် လူသတ်မှုများကို ကြည့်လျှင် ဂျာမန်လူမျိုးမဟုတ်သူတို့ ပြစ်မှု ကျူးလွန်မှုနှုန်းမြင့်တက်လာသည်ကို တွေ့ရသည်ဟုဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း အရှေ့ပိုင်း ချင်းမနက်ဇ်မြို့တွင် ဂျာမန်လက်သမားတစ်ဦး ဓားထိုးခံရမှု၌ ဆီးရီးယားနှင့် အီရတ်လူမျိုးနှစ်ဦးကို ဂျာမန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် သတင်းထွက်ပေါ်ခဲ့ရာ လက်ယာစွန်း အမျိုးသားရေးဝါဒီ ထောင်ပေါင်းများစွာက ရွှေ့ပြောင်းအခြေချမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ တစ်ပြိုင်တည်းဆိုသလိုပင် ရွှေ့ပြောင်း အခြေချမှု၊ တစ်နည်းအားဖြင့် အရှေ့အလယ်ပိုင်းဒေသမှ စစ်ဘေးဒုက္ခသည်များ ဂျာမနီတွင် ခိုလှုံခွင့်တောင်းခံမှုကို ထောက်ခံသော ဂျာမန်ပြည်သူများကလည်း တန်ပြန်ဆန္ဒပြခဲ့ကြရာ အုတ်အော်သောင်းနင်း အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ရွှေ့ပြောင်း အခြေချသူများ (ခိုလှုံခွင့်တောင်းသူများ) အရေးကိစ္စကို ဂျာမန်မီဒီယာများကလည်း အစွမ်းကုန်အလေးပေး ရေးသားဖော်ပြလျက်ရှိသည်။

အသက် ၂၃ နှစ်အရွယ်ရှိ ခရစ္စတို ဖာဟတ်ရှ်စတိတ်ဒ်ဆိုသူကမူ “ဒီလိုလူမျိုးကို ထောင်ဒဏ် ၁၀ နှစ်နဲ့အထက် ချမှတ်ပစ်ရမှာ။ ဒါဟာလူသတ်မှုလေ”ဟု ဂျာမန်တရားစီရင်ရေးစနစ်ကို မကျေမနပ်ပြောဆိုသည်။

လက်ရှိအနေအထားတွင် လူမှုကွန်ရက်များနှင့် မီဒီယာများကပြုလုပ်သော ဆွေးနွေးပွဲ စကားဝိုင်းများတွင်လည်း အဆိုပါ ရွှေ့ပြောင်းအခြေချသူများနှင့် ခိုလှုံခွင့်တောင်းခံသူများကိစ္စသည် ဂျာမန်ပြည်သူများအတွက် ကြီးမားသည့် ဆွေးနွေးဖွယ်ကိစ္စရပ်ဖြစ်နေသည်။

ချင်းမနက်ဇ်မြို့တွင် လက်ယာစွန်း အင်အားစုထောင်ပေါင်းများစွာ၏ ဆန္ဒပြမှုများ ပြီးဆုံးသလောက်ဖြစ်သွားခဲ့သည်။ ယင်းဆန္ဒပြပွဲများသည် အစပိုင်းတွင် ငြိမ်းချမ်းသည့်အသွင် ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ ရွှေ့ပြောင်းအခြေချသူများကို ရန်ပြုလိုသည့် အနေအထားအထိ ဖြစ်ခဲ့သည်။

စက်တင်ဘာလ ၃ ရက်နေ့က မြို့တော်ဘာလင်နှင့် ဟမ်းဘတ်တို့တွင် ဂျာမန်ပြည်သူ ၂၀၀၀၀ ကျော်ခန့်စုရုံးပြီး ရွှေ့ပြောင်း အခြေချသူများ ပိုမိုလက်ခံရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အရှေ့ အလယ်ပိုင်းဒေသကို စွန့်ခွာလာပြီးနောက် ပင်လယ်ပြင်ထဲတွင် ပိတ်မိနေသည့် ဒုက္ခသည်များကို ဂျာမန်အစိုးရအနေနှင့် ကယ်ဆယ်ပေးရန် တောင်းဆိုခဲ့ကြခြင်းလည်းဖြစ်သည်။

F-01