News

POST TYPE

NEWS

အမေရိကန်နှင့် စစ်ဖြစ်စရာမရှိသော်လည်း အီရန်စစ်တပ်၏ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ထားရန် အယာတိုလာခါမေနီ သတိပေး
04-Sep-2018


တီဟီရန်၊ စက်တင်ဘာ ၃

အီရန်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုအကြား ဆက်ဆံရေးတင်းမာလျက် ရှိနေချိန်တွင် ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက စစ်ဖြစ်နိုင်စရာမရှိ ကြောင်း၊ သို့သော် အီရန်နိုင်ငံ၏ ကာကွယ် ရေးတပ်ဖွဲ့အနေနှင့် ကာကွယ်ရေးစွမ်းရည် ကို မြှင့်တင်ထားရမည်ဖြစ်သည်ဟု သတိ ပေးပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အီရန်နိုင်ငံသည် စနေနေ့က တိုက်ချင်းပစ်ဒုံးကျည်နှင့် ပဲ့ထိန်းဒုံးကျည် အရည်အသွေးများကို မြှင့်တင်မည့် အစီအစဉ်တစ်ရပ်ကို ထုတ်ပြန်ကြေညာသည်။ ယင်းအစီအစဉ်တွင် ဂျက်တိုက်လေယာဉ်နှင့် ရေငုပ်သင်္ဘောအစင်းရေ တိုးမြှင့်ရေးလည်း ပါဝင်သည်။

ထိုသို့ အီရန်၏ ကာကွယ်ရေးဆိုင်ရာ အရည်အသွေးတိုးမြှင့်ရခြင်းသည် နိုင်ငံကာကွယ်ရေးအတွက်သာ အဓိကဦးတည် သည်ဟု အီရန်နိုင်ငံကဆိုသည်။

ဘာသာရေး ခေါင်းဆောင်ကြီး အယာတိုလာခါမေနီက နိုင်ငံရေးတွက်ချက်မှုတွေ လုပ်ပြီးနောက် စစ်မက်ဖြစ်ပွားမည့် အလားအလာ မရှိကြောင်း၊ သို့သော် လက်နက်ကိုင် တပ်မတော်အနေနှင့် သတိ ဝီရိယ ရှိနေရမည်ဖြစ်သလို ကာကွယ်ရေးဆိုင်ရာ အရည်အချင်းများနှင့်လည်း ပြည့်စုံနေရန် လိုအပ်ကြောင်း ပြောဆိုလိုက်သည်ဟု အီရန်အစိုးရ၏ ကြေညာချက်ကို နိုင်ငံပိုင်မီဒီယာက ကိုးကားဖော်ပြသည်။

ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာခါမေနီသည် အီရန်ကာကွယ်ရေးတပ်မတော်မှ တပ်မှူးများနှင့်တွေ့ဆုံရာတွင် ယင်းသို့ သတိပေးပြောကြားခြင်းလည်းဖြစ်သည်။

အီရန်နိုင်ငံ၏ လေတပ်သည် ရန်သူကို ရင်ဆိုင်ရာတွင်လည်းကောင်း၊ စစ်ရေးသတိဖြင့် နိုးကြားမှုပိုင်းတွင်လည်းကောင်း ကာကွယ်ရေးတပ်ဖွဲ့များ၏ လွန်စွာ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ၎င်းကဆိုသည်။

အီရန်နှင့် အနောက်နိုင်ငံများ ရရှိခဲ့သော ၂၀၁၅ ခုနှစ် နျူကလီးယားသဘော တူညီချက်မှ အမေရိကန်ပြည်ထောင်စု နုတ်ထွက်သွားပြီးနောက် အီရန်နိုင်ငံသည် ယင်းသို့ စစ်ရေးနိုးကြားမှုရှိရန် တပ်လှန့်လာခြင်းလည်းဖြစ်သည်။ အမေရိကန် သမ္မတဟောင်း အိုဘားမားလက်ထက်က ရရှိခဲ့သော အဆိုပါသဘောတူညီချက် ပြန်လည်အသက်ဝင်ရေးအတွက် စေ့စပ်ညှိနှိုင်းကြရန် ပြင်သစ်နိုင်ငံက ဆော်ဩခဲ့သော်လည်း အီရန်နိုင်ငံက ပယ်ချခဲ့သည်။

အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီကမူ အစ္စလာမ္မစ်နိုင်ငံတော်၏ စစ်ရေးစွမ်းရည်ကို မြှင့်တင်ခြင်းသည် ဝါရှင်တန်အနေနှင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ မပြုလုပ်နိုင်အောင် ကာကွယ်ခြင်းသာဖြစ်သည်ဟုဆိုသည်။

လတ်တလောအီရန်သို့ ရောက်ရှိနေသည့် ဗြိတိန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အလီစတီယာဘတ်နှင့် အီရန်ထိပ်တန်းသံတမန်တစ်ဦးတို့ တွေ့ဆုံခဲ့ရာတွင် နျူကလီးယားသဘောတူညီချက်မှ အမေရိကန်ပြည်ထောင်စု နုတ်ထွက်သွားပြီးနောက် အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားရေးကို ဆွေးနွေးခဲ့သည်ဟု IRNA သတင်းဌာနက သတင်းထုတ်ပြန်သည်။

အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း အမေရိကန်ပြည်ထောင်စုနှင့် အီရန်အကြား စစ်မက်ဖြစ်ပွားမည်မဟုတ်သလို နျူကလီးယားကိစ္စနှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းမည်မဟုတ်ဟုလည်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

ထို့နောက် မကြာမီရက်ပိုင်းတွင် အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံအပေါ် စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်နေခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ပြန်သည်။

F-01