News

POST TYPE

NEWS

မြိတ်ခရိုင် ဒုံးညောင်မိုင်းကျေးရွာတွင် ရပ်ရွာအခြေပြုခရီးစဉ် စတင်မည်
04-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၃

မြိတ်ခရိုင် ကျွန်းစုမြို့နယ်ရှိ ဒုံးညောင်မိုင်းကျေးရွာတွင် ရပ်ရွာအခြေ ပြုခရီးစဉ်ကို ယခုနှစ်ခရီးသွားရာသီတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိုအေးက ပြောကြားသည်။

“ဒီပွင့်လင်းရာသီမှာ စပြီးလုပ်ဖို့ စီစဉ်နေတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေရယ်၊ ဒေသခံတွေရယ်ပေါင်းစပ်ပြီးတော့ လုပ်ဖို့စီစဉ်ထားတယ်၊ CBT နဲ့ ပတ်သက်တဲ့ သင်တန်းတွေကိုအကုန်ပေးနေပါပြီ”ဟု ၎င်းက ဆိုသည်။

ဒုံးညောင်မိုင်းကျေးရွာကို ရပ်ရွာအခြေပြုခရီးစဉ်အဖြစ် လာမည့်ပွင့်လင်းရာသီတွင် အကောင်အထည်ဖော်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ယင်းခရီးစဉ်သည် ပင်လယ်ရေလုပ်ငန်း သဘာဝများ၊ တောင်ယာလုပ်ငန်းများ၊ ကျွန်းစုများကို လည်ပတ်ခြင်း၊ ဒေသခံတိုင်းရင်းသားများ၏ လှုပ်ရှားမှုများကို လေ့လာနိုင်မည်ဖြစ်ကြောင်း ဦးညိုအေးက ဆက်လက်ရှင်းပြသည်။

ဒုံးညောင်မိုင်းကျေးရွာကို ရပ်ရွာအခြေပြုခရီးစဉ်အဖြစ် အကောင်အထည်ဖော်ပါက ယင်းကျေးရွာမှတစ်ဆင့် ဧည့်သည်များလည်ပတ်မှုရှိသည့် နှစ်ဖက်လှကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဒုံးရေတံခွန် စသည့်နေရာများကိုလည်း လှည့်လည်နိုင်မည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။

“အရင်ဆုံး CBT ဖွံ့ဖြိုးအောင် လုပ်ပြီးမှ ထပ်တိုးချဲ့သင့်တယ်။ CBT လုပ်တိုင်းလည်း ဧည့်သည်စိတ်ဝင်စားမှုရှိမှ လာမှာပေါ့။ အရင်ဆုံးလက်ရှိ TOUR ဒေသတွေကို အများကြီးလာအောင် အရင်လုပ်ပြီးမှ CBT ကို ချပြဖို့လိုတယ်”ဟု ဧည့်လမ်းညွှန်တစ်ဦးက မှတ်ချက်ပြုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအနေနှင့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကို နိုင်ငံအနှံ့တွင် နေရာ ၁၅ ခုမှ ကျေးရွာပေါင်း ၃၀ ကျော်ကို အကောင်အထည်ဖော် ဆောင်ရွက်ထားသော်လည်း လက်ရှိတွင် အဆိုပါကျေးရွာများကို ဧည့်သည်စိတ်ဝင်စားမှု နည်းပါးနေသေးကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။

ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းကို အိမ်နီးချင်းနိုင်ငံများတွင် ကျယ်ပြန့်စွာ လုပ်ဆောင်လျက်ရှိပြီး ပရဟိတလုပ်ငန်းဖြစ်သောကြောင့် ဒေသခံ တိုင်းရင်းသားများကို အဓိကအကျိုးခံစားခွင့်ရရှိရန် ဆောင်ရွက်သင့်ကြောင်း ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူများက ဆိုသည်။

J-01


  • VIA