News

POST TYPE

NEWS

မိုင်ဂျာယန် ညီလာခံသည် ယခင်ညီလာခံများထက် အရေးကြီးဟု ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြော
26-Jul-2016

မိုင်ဂျာယန်၊ ဇူလိုင် ၂၆

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ ညီလာခံသည် ယခင်ညီလာခံများထက် အရေးကြီးကြောင်း ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားသည်။

ဇူလိုင် ၂၆ ရက်က စတင်ကျင်းပသည့် မိုင်ဂျာယန် ညီလာခံ ပထမနေ့တွင် သဘာပတိဖြစ်သူ ၎င်းက အဖွင့်အမှာစကားေ ပြာကြားရာတွင် ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အခုညီလာခံမျိုး အရင်ကလည်း လုပ်ခဲ့ဖူးတယ်။ လိုင်ဇာမှာ နှစ်ကြိမ်၊ လောခီးလာမှာ နှစ်ကြိမ် ပြုလုပ်ခဲ့တဲ့ ညီလာခံတွေထက် အရေးကြီးပြီး ရလဒ်ကောင်းတွေ ရရှိလာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခြင်း ဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။

ယခုပြုလုပ်သည့် ညီလာခံသည် ပင်လုံညီလာခံအတွက် ပင်လုံလက်ဆွဲစာတမ်း အတည်ပြုခြင်း၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ဖွဲ့စည်းပုံဥပဒေ အခြေခံမူများ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အခြေခံမူများနှင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်များ ပြန်လည်ပြင်ဆင်ရေးတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း တက်ရောက်လာသည့် အဖွဲ့အစည်းများထံမှ သိရသည်။

“ယခုညီလာခံကနေ ရလဒ်တွေ ဖြစ်လာပြီး ပင်လုံညီလာခံအတွက် တိုက်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ သဘောထားကို ဆွေးနွေးတင်ပြနိုင်မယ်။ ကမ္ဘာမှာ လူဦးရေ အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို အမြဲစောင့်ကြည့်နေတယ်” ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှရေးရာအထူး ကိုယ်စားလှယ် Mr. Sun Guoxiang က ပြောကြားသည်။

အဆိုပါ ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၂၄ ဖွဲ့ တက်ရောက်နေပြီး တအောင်းတပ်မတော်၊ ကိုးကန့်၊ ‘ဝ’ တပ်မတော်နှင့် နာဂအမျိုးသားကောင်စီတို့ တက်ရောက်ခြင်း မရှိကြောင်း မိုင်ဂျာယန်ညီလာခံသို့ တက်ရောက်လာသူများထံမှ သိရသည်။