News

POST TYPE

NEWS

ပဲခူးတိုင်းအတွင်း ရွှေတရားဝင် တူးခွင့်ပြုမည်
03-Sep-2018


တောင်ငူ၊ စက်တင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနှင့် အနောက်ခြမ်းမြို့နယ်များတွင် ရွှေတူးဖော်လိုသူများကို အစိုးရသို့ သတ်မှတ်နှုန်းထားပေးသွင်းစေပြီး တရားဝင်လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း ယင်းတိုင်း သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောကြားသည်။

“သတင်းစာမှာလည်း တရားဝင်ထုတ်ပြန်ပေးမယ်။ အဓိကပြောရရင် ဒေသခံလက်လုပ်လက်စားတွေကို ၄ ဧက နဲ့ ၄ ဧကအောက် ချထားပေးမလို့ပါ။ အသေးစား အလတ်စားနဲ့ လက်လုပ်လက်စား အတူလျှောက်ရင် လက်လုပ်လက်စားကို ဦးစားပေးချထားမှာဖြစ်ပေမယ့် အလတ်စား၊ အကြီးစားတွေကို ချထားဖို့ကတော့ ပြည်ထောင်စုအစိုးရက တိုက်ရိုက်ကိုင်တွယ်မှာပါ”ဟု ၎င်းက ပြောကြားသည်။

အဆိုပါ အသေးစားလုပ်ကွက်များ တရားဝင်လျှောက်ထားနိုင်ကြောင်း ကြေညာချက်ကို စက်တင်ဘာလ ၃ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများ၌ ထည့်သွင်း ကြော်ငြာမည်ဖြစ်ပြီး လုပ်ကိုင်ခွင့် လျှောက်ထားသူများအနေနှင့် တစ်ဧကလျှင် ကျပ် ၁၅ သိန်း ပေးသွင်းရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး မြို့နယ်ပေါင်း ၂၈ မြို့နယ်ရှိ ဒေသများတွင် ရွှေရှာဖွေတွေ့ ရှိနိုင်သည့် မြေဧကပေါင်း ၁၆,ဝ၀၀ ကျော်ရှိပြီး ရွှေတူးဖော်လိုသူများအနက် လက်လုပ်လက်စား (ဒေသခံ) များကို ၄ ဧကနှင့် ၄ ဧကအောက် လျှောက်ထားပါက စိစစ်၍ ချထားပေးမည်ဖြစ်ကြောင်း အဆိုပါ အစိုးရအဖွဲ့ထံမှသိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ယခင်ကတည်းက ရွှေတူးဖော်လုပ်ကိုင်နေကြသည့်အပြင် တောင်ငူခရိုင်နှင့် ပဲခူးခရိုင်အတွင်းရှိ ရွှေကျင်၊ ကျောက်ကြီး၊ ထန်းတပင်တို့တွင် လျှောက်ထားနိုင်သည့် မြေဧက ၁၆,၃၀၀ ရှိနေသော်လည်း ၄ ဧကနှင့် အထက်၊ ဧက ၂၀ နှင့်အထက် လုပ်ငန်းများကို ပြည်ထောင်စု အစိုးရကသာ တိုက်ရိုက်စီမံချထားပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ပဲခူးတိုင်းအတွင်း တရားမဝင် ရွှေတူးဖော်မှုလုပ်ငန်းများ အများဆုံးရှိသည့် ရွှေကျင်မြို့နယ်အတွင်းမှာပင် အခွန်အခများပေးသွင်း လျှောက်ထားလုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုသာရှိသည့်အတွက် တရားဝင်ချထားပေးပါက ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း အခွန်အခများ ရရှိနိုင်မည်ဖြစ်ကြောင်း ဒေသခံ ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူများက ထောက်ခံပြောဆိုသည်။

တိုင်းဒေသကြီးအတွင်း နှစ်ပေါင်း ၅၀ ကျော် တရားမဝင်ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် ရွှေကျင်မြို့အနီး မဒမချောင်း တိမ်ကောပျက်စီးလာသည့်အပြင် အစိုးရအဖွဲ့က အခွန်အခများလည်း မရသဖြင့် ဒေသခံလုပ်ကွက်များချထားပေးခြင်းကို ကြိုဆိုရမည်ဖြစ်ကြောင်း ရွှေကျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှဝင်းက ဆိုသည်။

ရွှေကျင်မြို့နယ် အရှေ့ဘက် လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်ရာဒေသတွင် တရားဥပဒေစိုးမိုးမှု နည်းပါးခြင်း၊ အုပ်ချုပ်ရေးအဖွဲ့များ လက်လှမ်းမမီခြင်းတို့ကြောင့် ရွှေတူးဖော်ရေးလုပ်ငန်းများ အလွန်များပြားသော်လည်း လတ်တလော ရွှေတူးဖော်ရရှိနိုင်စွမ်း နည်းပါးလာသည့်အတွက် ရွှေကျင်နှင့် မွန်ပြည်နယ်အစပ် ကျိုက်ထိုအပိုင်ဒေသများသို့ ရွှေ့ပြောင်းလုပ်ကိုင်သူများပြားလာကြောင်း ဒေသခံ ရွှေတစ်နိုင်တစ်ပိုင် တူးဖော်သူများထံမှ သိရသည်။

R-15



  • VIA